ရန်ကုန် ၁၈ သြဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံး၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးပညာရှင်များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အကြံပေးပညာရှင်များက အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကျိုးဖြစ်ထွန်းမှုနှင့် ထိရောက်စွာဆောင်ရွက်နိုင်မှု၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ခန့်မှန်းထုတ်ပြန်ချက်အရ မိုးလယ်ကာလတွင် မိုးပိုနိုင်မှုနှင့် ယင်း၏ အကျိုးဆက်များကို သတိထားရန်လိုအပ်မှု၊ အချိန်တိုအတွင်း မိုးရေချိန် များများရွာသွန်းခြင်းကြောင့် မြေပြိုအန္တရာယ်ရှိနိုင်မှု၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေအခြေအနေနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးတွင် တာများဆောင်ရွက်ရန်လိုအပ်မှု၊ ရေကြီးရေလျှံ ဘေးအန္တရာယ် ဖြစ်ပွားနိုင်မှုကို ခရိုင်နှင့် မြို့နယ်အလိုက် Mapping ပြုလုပ်ထားရန်လိုအပ်မှု၊ မိုးကြိုကာလတွင် သဘာဝဘေးခံနိုင်အောင် ဆောင်ရွက်ထားရှိရန်နှင့် ရေပိုလွှဲမှရေများ စနစ်တကျ စီးဆင်းမှုရှိစေရေး ဆောင်ရွက်ရန်လိုအပ်မှု၊ ဆည်များ၏ အခြေအနေနှင့် မွန်ပြည်နယ် ပေါင်မြို့နယ် မြေပြိုမှုဖြစ်စဉ်အတွက် ကွင်းဆင်း လေ့လာဆန်းစစ်မှု ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တို့တွင် နှစ်စဉ်ရေကြီးမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆက်စပ်သော မြစ်များ၏ အခြေအနေကို ပညာရပ် ဆိုင်ရာ ဆန်းစစ်လေ့လာမှုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပညာရှင်များ၏ အကြံပြုချက်များကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပညာရှင်များကလည်း နိုင်ငံတော်အစိုးရ၏ လိုအပ်ချက်အရ အကြံပေးတင်ပြခြင်းနှင့် လိုအပ်သောစီမံချက်များ ရေးဆွဲတင်ပြခြင်းများ ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ အကြံပေးအဖွဲ့ဝင်များ၏ အစည်းအဝေးများကို ပုံမှန်ကျင်းပသွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)


