၁၈ သြဂုတ်


၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စု (ခ) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအမျိုးသမီးအသင်း ဂိုးပြတ်နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။


မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၁၀ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ကမ္ဘောဒီးယားကို ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် လက်ကျန်တစ်ပွဲအလိုတွင် ဗီယက်နမ်အသင်းနှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် အရန်ကစားသမားများကို ထည့်သွင်းအသုံးပြုသည့်အပြင် ကမ္ဘောဒီးယားအသင်းက ခံစစ်ကို စုပြုံပိတ်ဆို့ကစားခဲ့သောကြောင့် ဗီယက်နမ်အသင်းကို အသာရမည့် သွင်းဂိုးရရန် ရုန်းကန်ခဲ့ရသည်။ 


မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ခင်မာလာထွန်း၊ ရီရီဦး၊ ဝင်းသိဂီထွန်းတို့ကို အမာခံထားကာ ကစားသမားအများအပြား ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ပထမပိုင်းတွင် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး မိနစ် ၃၀ မှ ဂိုးစရခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို မေသူကျော်က သွင်းယူခဲ့ပြီး တစ်မိနစ်အကြာတွင် ခင်မာလာထွန်းက ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံပိုကောင်းလာပြီး ပထမပိုင်းပြီးခါနီးတွင် ရီရီဦးက တတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သော်လည်း မိနစ် ၆၀ မှ ဂိုးထပ်ရခဲ့ပြီး ဝင်းသိဂီထွန်းက သွင်းယူခဲ့သည်။ 


ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဂိုးများဆက်တိုက်ရခဲ့ပြီး ၆၄ မိနစ်တွင် ခင်မိုးဝေ၊ ၇၃ မိနစ်တွင် ရီရီဦးတို့က ထပ်မံသွင်းယူခဲ့သည်။ ၇၅ မိနစ်တွင် မြန်မာအသင်း ပယ်နယ်တီပေးခဲ့ရပြီး နီမိုလ်က သွင်းယူခဲ့သောကြောင့် ကမ္ဘောဒီးယားအသင်း တစ်လုံးတည်းသောချေပဂိုးရခဲ့သည်။ မြန်မာအသင်းသည် ဂိုးထပ်မံရရန် တိုက်စစ်အားမြင့်တင်ခဲ့ရာ ၇၉ မိနစ်တွင် သင်းသင်းယု၊ ၈၉၊ ၉၀+၂ မိနစ်တွင် ရီရီဦး၊ မိနစ် ၉၀ တွင် ဝင်းသိဂီထွန်းတို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။ 


အခြားပွဲတွင် ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို ခုနစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု (ခ) ၌ ဗီယက်နမ်နှင့် မြန်မာအသင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ခြောက်မှတ်စီရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။ အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်အသင်းသည် သြဂုတ် ၂၀ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်အသင်းသည် သွင်းဂိုး ၁၇ ဂိုးစီ တူညီနေသော်လည်း မြန်မာအသင်းက ပေးဂိုးတစ်ဂိုးရှိခဲ့သောကြောင့် အုပ်စုပထမနေရာရရန် နောက်ဆုံးပွဲတွင် ဗီယက်နမ်ကို အနိုင်ကစားရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-MFF