ယင်းမာပင် ၁၉ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၉၉ ကန် ရေလျှံဇုန်အတွင်းရှိ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် လယ်ယာမြေများတွင် ပုဂ္ဂလိကပိုင် ရေလျှံတွင်းပေါင်း (၂၄၁၄)တွင်း အသုံးပြုလျက်ရှိပြီး ၎င်းတွင်းများမှ မြေအောက်ရေကို စနစ်တကျ အသုံးပြုနိုင်ရန်နှင့် လေလွင့်ဆုံးရှုံးမှုကို ထိန်းသိမ်းနိုင်ရန် အထောင်ပိုက်နှင့် ရေဂိတ်ဘားများကို ဩဂုတ်လဆန်းပိုင်းမှ စတင်တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းထံမှ သိရသည်။
ယင်းမာပင် ရေလျှံဇုန်အတွင်းရှိ ပုဂ္ဂလိကပိုင် စိုက်ပျိုးရေလျှံတွင်း (၁၁၁၆)တွင်းမှ နှစ်စဉ် တစ်နေ့လျှင် ရေဂါလံ (၄၁)သန်းခန့်နှင့် သောက်သုံးရေတွင်း (၁၂၉၈)တွင်းတို့မှ တစ်နေ့လျှင် ရေဂါလံ(၂၄)သန်းခန့် လေလွင့်ဆုံးရှုံးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)၏ စစ်တမ်းကောက်ယူတွေ့ရှိချက်အရ သိရသည်။
ယင်းမာပင်ရေလျှံဇုန်အား ရေရှည်အကျိုးရှိစွာ အသုံးပြု နိုင်ရန်၊ လေလွင့်ဆုံးရှုံးလျက်ရှိသော မြေအောက်ရေများကို စနစ်တကျထိန်းသိမ်းပြီး စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန်တို့အတွက် ရေလျှံတွင်းများကို အထောင်ပိုက်နှင့် ရေဂိတ်ဘားများ တပ်ဆင်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
"ယင်းမာပင်ရေလျှံဇုန်အတွင်းရှိ (၉၉)ကန်စီမံကိန်းမှာပါတဲ့ ရေလျှံတွင်းတွေကတော့ အားလုံး တပ်ဆင်ပြီးပါပြီ။ အခုတပ်ဆင်မယ့် ရေလျှံတွင်းတွေကတော့ တောင်သူတွေရဲ့ သီးနှံစိုက်ပျိုးရန် ကိုယ်ပိုင် တူး ဖော်ထားတဲ့ ရေလျှံတွင်းတွေကို တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။ ရေလျှံတွင်းသုံးသူ အတော်များများ ကတော့ ရေကိုဒီအတိုင်းလွှတ်ထားတဲ့အတွက် လေလွင့်ဆုံးရှုံးမှုများပါတယ်။ ရေလျှံတွင်းများမှ ရေထွက်များပြီး အထောင်ပိုက်များနှင့် ရေဂိတ်ဘားများတပ်ဆင်ပြီး ထိန်းသိမ်းလုပ်ဆောင်မပေးရင် ရေလျှံဇုန်က ရေထွက်မှု တစ်ဖြေးဖြေးရေထွက်လျော့ကျလာပြီး ရေရှည်မှာ ကွယ်ပျောက်နိုင်မည့် အခြေအနေ ရှိလာပါပြီ။ ဒါကြောင့် အထောင်ပိုက်များနှင့် ရေဂိတ်ဘားများတပ်ဆင်အသုံးပြု ဆောင်ရွက်နိုင်ရေး ဒေသခံတောင်သူများနှင့် ပြည်သူများကို ၂၀၁၈ ခုနှစ် ဇွန်လလောက်ကနေ ကွင်းဆင်းအသိပညာပေးမှုများ လုပ်ဆောင်ပြီး ရေလျှံတွင်းပေါင်း ၂၄၁၄ တွင်းကို စိစစ်တွေ့ရှိရပါတယ်။ ဒီရေလျှံတွင်းများထဲမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တွင်းပေါင်း (၉၈၃)တွင်းကို အထောင်ပိုက်များနှင့် ရေဂိတ်ဘားများတပ်ဆင် ပေးသွားမှာဖြစ်ပါတယ်" ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။
ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) အနေဖြင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် လယ်ယာမြေများတွင် ပုဂ္ဂလိကပိုင် ရေလျှံတွင်းပေါင်း (၂၄၁၄)တွင်းကို ရေလျှံဇုန်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဇီးတော(မ)ကျေးရွာ၊ လည်ငေါက်ကျေးရွာ၊ တဲစုကျေးရွာ၊ ရွာသာယာကျေးရွာနှင့် ဘိုက်သရက်ကျေးရွာများမှ သောက်သုံးရေတွင်း (၃၅၂)တွင်းနှင့် စိုက်ပျိုးရေတွင်း (၆၃၁)တွင်းကို အထောင်ပိုက်များနှင့် ရေဂိတ်ဘားများတပ်ဆင်မှာ ဖြစ်ပြီး ကျန်ရေလျှံတွင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးတပ်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


