မယ်စဲ့ ၁၉ သြဂုတ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပြင်ဆင်ထားသင့်သည့်အချက်များ တောင်သူပညာပေး ခြင်းကို သြဂုတ် ၁၈ ရက်က ကျောက်စုကျေးရွာနှင့် နမ့်ပိန်းလင်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းက နမ့်ပိန်းလင်ကျေးရွာရှိ နှမ်း(GAP) လျှောက်ထားသူတောင်သူများနှင့် တွေ့ဆုံပြီး (GAP) လျှောက်ထားရာတွင် လိုက်နာရမည့် နည်းစနစ်များ၊ အကျိုးကျေးဇူးများ၊ ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ကျေးလက်ဦးစီးဌာနမှူး ဦးမိုးအောင်က မြစိမ်းရောင် အတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးအလိုက် လုပ်ငန်းများရွေးချယ်ရေး၊ ရန်ပုံငွေများ မဆုံးရှုံးစေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက် ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စောဝတ်ရည်က စာအုပ်စာပေမှ ပေးသော အသိပညာ၊ အတတ်ပညာများဖြင့် မိမိတို့၏ လက်တွေ့လုပ်ငန်းခွင်များတွင် များစွာအထောက်အပံ့ ဖြစ်စေကြောင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကျေးလက်စကားဝိုင်းများ ဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့များက ကျောက်စုကျေးရွာတွင် မြစိမ်းရောင်ချေးငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော မိုးနှမ်းစိုက်ခင်းများအား ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းက ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လိုအပ်သည့် နည်းပညာများကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


