ဂန့်ဂေါ ၁၉ သြဂုတ်
ယခုနှစ်တွင် ဂန့်ဂေါမြို့နယ်၌ မိုးရွာသွန်းမှု နောက်ကျပြီး မိုးနည်းနေသဖြင့် ရွှေဘို၊ တောင်ခင်ရန်း၊ နှမ်းခါး၊ ဝက်ချီပါ ကျေးရွာများတွင် ရေလိုအပ်မှုနည်းသည့် ပျိုးထောင်နည်းများဖြင့် မိုးစပါးများ ပျိုးထောင်ခဲ့၍ ယခုအခါ စိုက်ပျိုးနေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရာသီဥတု ပြောင်းလဲလာသည့်အတွက် ဂန့်ဂေါမြို့နယ်တွင် မိုးရွာသွန်းမှု လျော့နည်းလာရာ ရေလိုအပ်မှုနည်းသည့် ပျိုးထောင်နည်းစနစ်များဖြင့် မိုးစပါးပျိုးထောင်ခြင်းကို ဆောင်ရွက်ကြခြင်းနှင့်စပ်လျဉ်း၍ “စနစ်သစ် ပျိုးထောင်နည်းများဖြစ်တဲ့ SRI စနစ်၊ သိပ္ပံနည်းကျ ပေါင်ပျိုးစနစ်၊ ဒတ်ပေါ့ပေါင်ပျိုးစနစ်၊ စကာပိုက်အသုံးပြုသည့် ပေါင်ပျိုးစနစ်များနဲ့ ပျိုးထောင်ကြပါတယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူများနဲ့တွေ့ဆုံပြီး နည်းပညာပေး ဆွေးနွေးပါတယ်၊ ပျိုးထောင်တဲ့အခါမှာလည်း ကူညီပျိုးထောင်ပေးကြပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ယခုအခါ အဆိုပါနည်းများဖြင့် ပျိုးထောင်ထားသည့် မိုးစပါးများ စိုက်ပျိုးနေပြီဖြစ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်စနစ် မှန်ကန်ရေး ကွင်းဆင်းကြီးကြပ် ကူညီပေးလျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


