ဘားအံ ၁၉ ဩဂုတ်
ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စများလှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရွှေညဝါ ဆရာတော် အရှင်ပညာသီဟက ရှင်းလင်းမိန့်ကြားပြီး ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ရွှေညဝါ လောကပါလ ဖောင်ဒေးရှင်းမှ အိမ်ထောင်စု ၃၀ဝ အတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် ငွေကျပ်သိန်း(၁၀ဝ)၊ မြန်မာ့လူမှု ဘဝတိုးတက် မြင့်မားရေးအသင်းမှ ငွေကျပ်(၁၀)သိန်း၊ Pledge to Myanmar (USA) မှ ငွေကျပ်(၃)သိန်း၊ ဘားအံမြို့နေ ဦးဝင်းနိုင်+ဒေါ်မူမူလတ် မိသားစုမှ ငွေကျပ်သိန်း(၂၀)၊ လိပ်သိုမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ငွေကျပ် ၂၈၉၅၀ဝ၀ တို့ကို ပေးအပ်လှူဒါန်းရာ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူ၍ ဂုတ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများ မြင့်တက်လာခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


