မိတ္ထီလာ ၁၉ သြဂုတ်
မိတ္ထီလာမြို့နယ်၌ ထီလာဦးမျက်စိအထူးကုဆေးရုံနှင့် မလှိုင်မြို့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့ ပူးပေါင်း၍ သတ္တမအကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ထီလာဦးမျက်စိအထူးကုဆေးရုံတွင် အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ထီလာဦးမျက်စိအထူးကုဆေးရုံနှင့် မလှိုင်မြို့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်းမှ မျက်စိဆရာဝန်ကြီးများဖြစ်ကြသည့် မုံရွာမှ ဒေါက်တာ ဦးအေး၊ ပခုက္ကူမှ ဒေါက်တာ ဦးတင်ကိုကို၊ ရန်ကုန်မှ ဒေါက်တာမြတ်စုခင်၊ မြင်းခြံမှ ဒေါက်တာသန္တာထွန်း၊ မိတ္ထီလာမှ ဒေါက်တာဦးသိန်းဇော်၊ ဒေါက်တာ ဒေါ်မိုးကေသွယ်အောင်နှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ ဒေါ်မိမိခင် ဦးစီးသည့် ဆေးရုံဝန်ထမ်းများက မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ ရပ်စောက်မြို့နယ်များမှ အတွင်းတိမ်မျက်စိဝေဒနာခံစားနေရသည့် မျက်စိ ဝေဒနာရှင် (၁၃၁)ဦးအား သြဂုတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ လေဆာပစ်ခြင်း၊ မျက်သားချစ်ခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ထီလာဦးမျက်စိအထူးကုဆေးရုံနှင့် မလှိုင်မြို့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးတာဆိုရင် သတ္တမအကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ယခုလို မျက်စိခွဲစိတ်ပေးရာတွင် လာရောက်ပြသသည့် လူနာများအား သွားလာရေးနှင့် စားသောက်ရေးအတွက် မလှိုင်မြို့ ရှစ်မျက်နှာဆရာတော်ကြီးနှင့် မလှိုင်မြို့နယ်အတွင်းရှိ ကုသိုလ်ရှင်များ၊ မိတ္ထီလာမြို့နယ်မှ ကုသိုလ်ရှင်များက ပံ့ပိုးကူညီပေးခဲ့ကြောင်း” ထီလာဦးအထူးကုဆေးရုံးမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်ဇော်ထွန်းကပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


