မကွေး ၁၉ သြဂုတ်
မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အတွင်းရှိ ရတနာပုံခေတ်လက်ရာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် သစ်သားရုပ်စုံကျောင်းများနှင့် ရိုးရာဓလေ့ ဆင်ယင်ထုံဖွဲ့မှုဖြစ်သည့် ဆံရစ်ဝိုင်း ယဉ်ကျေးမှုများတည်ရှိရာ ရေဘုတ်ကြီးကျေးရွာသို့ ပြည်တွင်းပြည်ပခရီးသွားများ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် နေ့ချင်းခရီးစဉ် (one day trip) အဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးအခြေစိုက် My Apex ခရီးသွား ကုမ္ပဏီမှ ခရီးစဉ်တာဝန်ခံ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ ပုဂံခေတ်လက်ရာ စေတီပုထိုးများ၊ နံရံဆေးရေးပန်းချီများ ပေါများစွာ တည်ရှိနေသည့်အပြင် နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိ ရတနာပုံခေတ်လက်ရာ ရှေးဟောင်းသစ်သား ရုပ်စုံကျောင်းများအဖြစ် စကုမြို့နယ်တွင် စကုရုပ်စုံကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်း၊ ပွင့်ဖြူမြို့နယ် တွင် လယ်ကိုင်းရုပ်စုံကျောင်း၊ စလင်းမြို့နယ်တွင် စလင်းရုပ်စုံကျောင်းနှင့် စလေမြို့နယ်တွင်လည်း စလေရုပ်စုံ ကျောင်းတို့မှာ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများဖြင့် ယနေ့တိုင် ခံ့ညားထည်ဝါစွာတည်ရှိနေ ကြောင်း သိရသည်။
''မကွေးတိုင်းမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာ အဆောက်အအုံတွေ အများကြီး ရှိပေမယ့် လာရောက်လည်ပတ်လေ့လာသူ နည်းပါးနေသေးတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုမိုဝင်ရောက်လေ့လာနိုင်ဖို့အတွက် ခရီးစဉ်တစ်ဆက်တည်းဖြစ်တဲ့ စကုမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ထဲက ရုပ်စုံကျောင်းတွေနဲ့ ပွင့်ဖြူမြို့နယ် ရေဘုတ်ကြီးကျေးရွာမှာရှိတဲ့ ဆံရစ်ဝိုင်းဓလေ့ကို တစ်ရက်တည်းနဲ့ အပြီး သွားရောက်လည်ပတ်လို့ရအောင် မကွေးမြို့အခြေစိုက် My Apex ခရီးသွားကုမ္ပဏီနဲ့ ရန်ကုန်က ခရီးသွားကုမ္ပဏီတွေ ပူးပေါင်းပြီး ခရီးစဉ်တွေ ရေးဆွဲနေပါပြီ။ ခရီးသွားကုမ္ပဏီတွေက သူတို့ရဲ့ ခရီစဉ်တွေမှာ ဒီဒေသကို ထည့်သွင်းနိုင်ဖို့ အရင်ဆုံး လာရောက်လေ့လာမှုတွေ ဆောင်ရွက်ကြတော့မှာဖြစ်ပါတယ်။ ကျွန်မ ကတော့ ဒီအမွေအနှစ်ဒေသတွေရဲ့ ခရီးစဉ်တွေကို ရေးဆွဲပေးမယ့်အပြင် သမိုင်းဆိုင်ရာအချက်အလက်တွေကို ရှင်းလင်းပြောဆိုပေးဖို့ ဆောင်ရွက်သွားမှာပါ ''ဟု ၎င်းက ပြောသည်။
ထို့ပြင် ရှေးဟောင်းစကုရုပ်စုံကျောင်းနှင့် မှန်ကင်းကျောင်းများ တည်ရှိရာ စကုမြို့နယ်မှ ဒေသခံ ကိုဇော်မျိုးဦးကလည်း ''အရင်တုန်းက မကွေးမြို့ကို ခရီးသွားတွေ လာရောက်ကြပေမယ့် ကျွန်တော်တို့မြို့က စကုရုပ်စုံကျောင်းတော်ကြီးကို မသိရှိကြဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစပြီး ကျွန်တော်တို့ ဒေသခံတွေရဲ့ ကြိုးပမ်းမှုကြောင့် ပြည်တွင်းပြည်ပခရီးသွားတွေနဲ့ ပညာရှင်တွေ လာရောက်လေ့လာမှု အနည်းငယ်တော့ ရှိနေပါပြီ။ ဒီစကုရုပ်စုံကျောင်းကို ဆရာတော်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက် လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကော်မတီဖွဲ့စည်းပြီးဆောင်ရွက်သွားဖို့ ရှေးဟောင်းဌာနနဲ့ ညှိနှိုင်းသွားမှာပါ။ ထူးခြားပြောင်မြောက်လှတဲ့ ရုပ်လုံးရုပ်ကြွ ပန်းပုလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်တော်တို့မြို့က ရုပ်စုံကျောင်းကြီးတွေကို လေ့လာရင်း၊ အညာဒေသရဲ့ အေးချမ်းတဲ့ အငွေ့အသက်မှာ လာရောက် အပန်းဖြေ ကြဖို့ ဖိတ်ခေါ်ပါတယ် ''ဟု ပြောသည်။
အဆိုပါစကုသစ်သားရုပ်စုံကျောင်းကို တည်ဆောက်ခဲ့သည့် လက်မှုပညာရပ်များကို လေ့လာ၍ ရတနာပုံခေတ်က ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု ခန့်မှန်းထားပြီး သက္ကရာဇ် ၁၂၈၇ ခုနှစ်တွင် စလင်းသူကောင်းမျိုးများမှ ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံထားကာ တိုင်ပေါင်း ၁၇၂ တိုင်ပါရှိ၍ ကျောင်းဆောင်တစ်ခုလုံးအား ဝိဒူယဇာတ်တော်တစ်ခု တည်းဖြစ်သာ ရုပ်လုံးရုပ်ကြွပန်းပုလက်ရာများ ထွင်းထုထားကြောင်းနှင့် မှန်ကင်းရုပ်စုံကျောင်းအား သက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် စလင်းသူကောင်းမျိုးများဖြစ်ကြသည့် ဦးစိုင် - ဒေါ်ငွေတို့က ဆောက်လုပ်လှူဒါန်းခဲ့ပြီး တိုင်အလုံးပေါင်း ၁၃၆ တိုင်နှင့် အုတ်လှေခါး သုံးစင်း၊ တပ်ဆင်ထားကာ ပြာသာဒ်ဆောင်၊ စနုဆောင်နှင့် ဆောင်မကြီးတို့ ပါရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


