နေပြည်တော်  ၁၉   သြဂုတ် 


နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့ရှိ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ ဗဟိုဌာနတို့ပူးပေါင်း၍ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်သို့ မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းခြင်းနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းဆိုင်ရာ အမျိုးသားစနစ်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရုံးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။


မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များသို့ အတည်ပြုပါဝင်ခြင်း၊ စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အစီရင်ခံစာတင်သွင်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်သို့ မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းခြင်းနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းဆိုင်ရာ အမျိုးသားစနစ်နှင့်ပတ်သက်သည်များကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး တက်ရောက်ကြသူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)