နေပြည်တော် ၁၉ သြဂုတ်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သို့သွားရောက်ပြီး ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့လာရောက်ခြင်းသည် သဘာဝဘေးများအပြင် လူကြောင့်ဖြစ်သောဘေးဖြစ်သည့် တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာလာကြသော ပြည်သူများကို နှစ်သိမ့်အားပေးရန်နှင့် ထောက်ပံ့မှုများ အလျင်အမြန်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ယနေ့ ဖြစ်ပေါ်လျက် ရှိသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြည်သူများ၏ အခြေအနေနှင့် လိုအပ်ချက်များကို သုံးသပ်ဆွေးနွေးပေးကြပါရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးကြရာ သြဂုတ် (၁၅)ရက်မှ (၁၈)ရက်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ထောက်ပံ့ပေးအပ်ထားမှု အခြေအနေများ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဆောင်ရွက် ထားရှိမှုများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ပိုမိုထားရှိပေးနိုင်ရန်၊ ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသီးသန့် ဖွဲ့စည်းပေးနိုင်ရန် ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန်ဆူရှမ်းကျောင်းသို့ ရှောက်ရှိပြီး မန်ဆူဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မန်ဆူရှမ်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ က သြဝါဒစကားချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင် ပြည်သူများအား နှစ်သိမ့်အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က တိုက်ပွဲရှောင်ပြည်သူများအတွက်ဆန် (၆၅) အိတ်၊ ငါးသေတ္တာ (၂၆၈) ဘူး၊ဆီ (၆၇) ပိသာ၊ကလေးငယ်များအတွက် အာဟာရ မုန့်နှင့် အရုပ်များ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရင်ခွင်မဲ့ကလေး(၃၂၂) ဦးအတွက်စောင် (၃၂၂)ထည်ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ပွဲရှောင်ပြည်သူများအား ကျွေးမွေးစောင့်ရှောက်လျက်ရှိသော စေတနာရှင်ပြည်သူများ၊ ပရဟိတ အဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ကမ္ဘောဇဖောင်ဒေးရှင်း တို့နှင့််အတူ ထမင်းထုပ်နှင့်အစားအသောက်များ ဝေငှခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တိုက်ပွဲရှောင် စခန်းသို့ရောက်ရှိနေသောမီးဖွားပြီးစ မိခင်တစ်ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လာရှိုးပြည်သူ့ဆေးရုံတွင် တိုက်ပွဲ များကြောင့် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်လျက်ရှိသော ပြည်သူများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လားရှိုးမြို့ ပြန်လည်ထူထောင်ရေး စခန်းသို့ သွားရောက်၍ မူးယစ်ဆေးဖြတ်ပြီးသူ သင်တန်းသားများနှင့်တွေ့ဆုံ၍ မိမိတို့ဆန္ဒ နှင့်အညီ အသက်မွေးဝမ်း ကျောင်းသင်တန်းများ သင်ယူတတ်မြောက်ပြီး မူးယစ်သံသရာမှ လွတ်မြောက်ရန် စိတ်ဓါတ်ခိုင်မာစွာဖြင့် ကြိုးပမ်းကြစေလိုကြောင်း၊ အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်အောင်ကြိုးပမ်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေး ရိပ်သာ၌ ရှမ်းပြည်နယ်မြောက်ပိုင်း လူငယ်ရေးရာကော်မတီဝင်များနှင့် တွေ့ဆုံရာ လူငယ်များက မဟာဗျူဟာစီမံချက်ပါ ပညာရေး၊ မူးယစ်ဆေးဝါး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် စီးပွားရေးကဏ္ဍများကို ဦးစားပေးအဖြစ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြို့နယ် ပေါင်းစုံပါဝင်သည့် လူငယ်များအတွက် လူငယ်စင်တာလိုအပ်လျက်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရန်ပုံငွေခွဲဝေချထားပေးရာတွင် ရှမ်းပြည်နယ်အနေဖြင့် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတို့အတွက် သီးခြားစီရရှိနိုင်ရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် ရုံးလုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေမှုရှိရန် တာဝန်ရှိအစိုးရဝန်ကြီးဌာန များက တိုက်တွန်းပေးကြစေလိုကြောင်း ဆွေးနွေးတင်ပြကြရာ လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီခန်းမ၌ နောင်ချို၊ ဂုတ်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများစုစုပေါင်း (၁၄)ဦးအတွက် တစ်ဦးလျှင် (၅)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် သိန်း(၇၀)ကိုသက်ဆိုင်ရာ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


