နေပြည်တော် ၁၉ သြဂုတ်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် အာဆီယံအစားအစာပွဲတော်- ၂၀၁၉ (မန္တလေး)ကို မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေး ကွန်ဗင်းရှင်းစင်တာ(MCC)၌ ယနေ့ ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အာဆီယံအစားအစာပွဲတော်- ၂၀၁၉ (မန္တလေး) Asean Food Festival – 2019 ကို အာရှနိုင်ငံ များ၏ အစားအစာများ၊ မြန်မာ့ရိုးရာအစားအစာများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသာမက မိတ်ဖက်နိုင်ငံ များဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ အစားအစာများကို နိုင်ငံတကာဧည့်သည်များ ပိုမိုသိရှိလာပြီး အစားအသောက်ကို အခြေခံသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံ သားများနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ အစားအစာမျိုးစုံတို့ကို တစ်နေရာတည်းတွင် သုံးဆောင်ခံစားနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍ မြှင့်တင်ရေးလှုပ်ရှားမှုတစ်ခုအနေဖြင့် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနပြခန်း၊ အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ရိုးရာအစားအစာပြခန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ရိုးရာအစားအစာနှင့်ဒေသထွက်ကုန် အစားအသောက်ပြခန်းများ၊ အမှတ်တရလက်ဆောင်အရောင်းပြခန်းများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း ပြခန်း၊ ဘဏ်လုပ်ငန်းဆိုင်ရာပြခန်းများနှင့် မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ ရိုးရာအစားအသောက်ပြခန်းများ ပြသထားသည်။
ယခုကျင်းပသည့် အာဆီယံအစားအစာပွဲတော်- ၂၀၁၉ တွင် မြန်မာနိုင်ငံအပါအဝင်ဖြစ်သည့် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံ စုစုပေါင်း (၁၄) နိုင်ငံမှ ပြခန်းပေါင်း (၁၃၀) ကျော် ပါဝင်ပြသပြီး ဖျော်ဖြေမှုများအနေဖြင့် မြန်မာ့ဒေါင်းလန်းကြီးဖြင့် ခေတ်အဆက်ဆက်ပြောင်းလဲ အသုံးပြုစားသောက်ပုံများ၊ အစားအစာချက်ပြုတ်ခြင်းဆိုင်ရာ တင်ဆက်မှုများ၊ အဖျော်ယမကာ ဖျော်စပ်ခြင်းဆိုင်ရာ တင်ဆက်မှုများနှင့် အတူ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


