နေပြည်တော်  ၁၉  သြဂုတ် 


မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အစီရင်ခံစာနှင့် ပတ်သက်သည့် နောက်ဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက UNCRPD နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများရေးဆွဲပြီး ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာ အခွင့်အရေးများရရှိခံစားနိုင်ရေးအတွက် ကြိုးစားဆဲကာလဖြစ်သည့်အတွက် အစည်း အဝေးဆုံးဖြတ်ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် အလွန်အရေးကြီးပါကြောင်း၊ ကဏ္ဍပေါင်းစုံတွင် မသန်စွမ်းသူများပါဝင်နိုင်ရေးအတွက် ဝန်ကြီးဌာန အားလုံးနှင့်ပူးပေါင်း၍ ဆောင်ရွက်ထားမှုများလည်းရှိပါကြောင်း၊ UNCRPD ပြန်လည် ဖြေကြားသည့်အပေါ်မူတည်ပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက် ရန်နှင့်ဆောင်ရွက်ရန် ကျန်နောက်ဆက်တွဲ ကဏ္ဍများကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။


ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းက UNCRPD အစီရင်ခံစာနှင့်စပ်လျဉ်း၍ဝန်ကြီးဌာန အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနများမှ ပေးပို့ လာသည့် List of Issues များသည် ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်ဖြေကြားမည့် မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် များစွာအထောက်အကူပြုပါကြောင်း ပြောကြားသည်။ 


ထို့နောက်အစည်းအဝေးတက်ရောက်လာသူများက မသန်စွမ်းသူများ၏အခွင့် အရေးများဆိုင်ရာကုလသမဂ္ဂ ကွန်ဗင်းရှင်းကနဦးအစီရင်ခံစာနှင့်ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးကြပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။


 (သတင်းစဉ်)