ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေ ဘယ်လောက်သုံးသုံး ယားယံတဲ့ ပြဿနာတွေက ကင်းဝေးမသွားဘူး မဟုတ်လား။ ပိုက်ဆံတွေလည်း အကုန်အကျများ အကျိုးသက်ရောက်မှုကလည်း မရှိနဲ့ ဘယ်လောက်တောင် စိတ်ညစ်စရာကောင်းလိုက်သလဲ။ ပြီးတော့ ဦးရေပြားခြောက်သွေ့ ယားယံတယ်ဆိုတာကလည်း ရာသီမရွေး၊ အသက်အရွယ်မရွေး ဖြစ် နေတာဆိုတော့ လူသိများတဲ့ ဝေဒနာတစ်ခုပဲလေ။ ဒီလို ခြောက်သွေ့ယားယံတဲ့ ပြဿနာကို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရတယ်ဆိုတာ သင်သိပါသလား ။ ။
သဘာဝနည်းလေးတွေ အရင်အပြောခင် လိုက်နာသင်တဲ့ လူနေမှု ပုံစံတွေ အကြောင်းအရင်း ပြောပြချင်ပါတယ်။
• ခေါင်းယားလွန်းလို့ဆိုပြီး ခဏခဏ ခေါင်းမလျှော်လိုက်ပါနဲ့။
• Yeast ခေါ် တစေးပါတဲ့ အစားအစာတွေ့ကို ရှောင်ပါ။ (ချိုတဲ့အစားအစာတွေ၊ ပေါင်မုန့်၊ မှိုပွင့်၊ မြေပဲ) စတာတွေပါတာပေါ့။
• ကိုယ်သုံးတဲ့ ဆံသားထိန်းသိမ်းပစ္စည်းတွေထဲမှာ အရက်ပြန်တို့ SLS (sodium lauryl suphate) တို့ မပါအောင်ရှောင်ပါ။
• သုံးနေတဲ့ ဘီးကို ခေါင်းလျှော်တိုင်း ဆေးပါ။
ဦးရေပြားခြောက်သွေ့ခြင်းအတွက် သုံးလို့ရတဲ့ သဘာဝနည်းတွေကတော့
( ၁ ) ရှားစောင်လက်ပတ် – ရောင်ရမ်းခြင်း၊ ယားယံခြောက်သွေ့ခြင်းတွေကို အကုန်နိုင်တဲ့ ရှားစောင်းလက်ပတ်အတွင်းက ဂျယ်လီလေး သံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ ဦးရေပြားခြောက်သွေ့တာလည်း ပျောက်မယ့်အပြင် ဆံသားလေးတွေလည်း နူးညံ့နေဦးမှာပါ။
( ၂ ) သံပရာသီး- ယားယံတဲ့ ဦးရေပြားကို အနိုင်ယူတဲ့နေရာမှာ သံပရာသီးလောက် ဆရာကျတာမရှိပါဘူး။. သံပရာသီးမှာပါတဲ့ အက်ဆစ်ဓာတ်က ဦးရေပြားက pH ကို ထိန်းညှိပေးတာကြောင့် ယားယံတဲ့ပြဿနာတွေ အကုန်ပျောက်သွားမှာပါ။ သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ ၃ ခွက်လောက်ရောပြီးမွှေပါ။ ခေါင်းလျှော်ပြီးခါစအချိန် သံပရာရည်ကို ဦးရေပြားပေါ် လောင်းချပြီး ၅ မိနစ်လော်ကထားပါ။ ပြီးရင် ရေပြန်လောင်းချပါ။
( ၃ ) အုန်းဆီ – ဆံသားနဲ့ ဦးရေပြားအတွက်လို့ပြောလိုက်တာနဲ့ အုန်းဆီကို လူတိုင်းတန်းမြင်ကြတတ်ပါတယ်။ တကယ်လည်း အုန်းဆီက ဆံသားနဲ့ ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးတဲ့ အရာတစ်ခုပါ။ အုန်းဆီ အနည်းငယ်လောက်ကို ဦးရေပြားပေါ်ပွတ်ပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ခြောက်သွေ့နေတဲ့ ဦးရေပြားကို အုန်းဆီက အဆီဓာတ်က အနိုင်ယူသွားမှာပါ။
( ၄ ) Tea Tree Oil (လက်ဖက်စိမ်းအဆီ)
လက်ဖက်စိမ်းရွက်တွေကို ကြိတ်ချေရာကနေရလာတဲ့ လက်ဖက်စိမ်းအဆီဟာ ဘက်တီးရီးယားတွေကို နိုင်တဲ့အပြင် မှိုပြဿနာတွေကိုပါ ဖြေရှင်းနိုင်တဲ့ အရာတစ်ခုပါ။ ရောင်ရမ်းခြင်းနဲ့ ပိုးဝင်ခြင်းကို လျော့ကျစေတဲ့ အာနိသင်လည်း ရှိတာကြောင့် ခြောက်သွေ့ယားယံနေတဲ့ ဦးရေပြားအတွက် တကယ်ကို အထောက်အကူဖြစ်စေမှာပါ။ လက်ဖက်စိမ်းအဆီ ၁၅ စက်လောက်ကို သံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ခေါင်းပြန်လျှော်ပါ။
ရေးသားသူ -Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”