မန္တလေး ၂၀ သြဂုတ်
Get Ride ဖြင့်ချိတ်ဆက်ထားသည့် သုံးဘီးဆိုင်ကယ် ယာဉ်မောင်းများအတွက် ခရီးသည်ပို့ဆောင်ရင်း အသေးစား လုပ်ငန်း လုပ်ကိုင်နိုင်မည့် “ရွှေ့ရွှေ့လျားလျား ဒစ်ဂျစ်တယ်စတိုးများ” အစီစဉ်ကို သြဂုတ်လ ၁၉ ရက်က မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့သည်။
ရွှေ့ရွှေ့လျားလျား ဒစ်ဂျစ်တယ်စတိုးအစီအစဉ်တွင် Get Ride အသင်းဝင်သုံးဘီးဆိုင်ကယ်များသည် MPT ၊ Telenor ၊ Ooredoo၊ MyTel စသည့် ဖုန်းငွေဖြည့်ကတ် အမျိုးမျိုး၊ ကားလက်မှတ်များ၊ ဂိမ်းကတ်များ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
"Get ရဲ့ ပင်တိုင်ဦးတည်ချက်က မြန်မာပြည်သားတွေရဲ့ ဘဝအဆင့်အတန်းကို နည်းပညာနဲ့ မြှင့်တင်နိုင်အောင် ကူညီ ပံ့ပိုးပေးမယ်ဆိုတဲ့အတိုင်း သုံးဘီးပိုင်ရှင် ဘဝကနေ ဒစ်ဂျစ်တယ် နည်းပညာနဲ့ အသေးစား လုပ်ငန်းရှင် ဘဝတွေအထိ ဝင်ဆံ့လာနိုင်အောင် အခုလိုဆောင်ရွက်ပေးတာပါ'' ဟု Get Digital Store ၏ ဒုတိယဥက္ကဌ မဇင်မင်းကပြောသည်။
ရွှေ့ရွှေ့လျားလျား ဒစ်ဂျစ်တယ်စတိုး အစီစဉ်တွင် လေယာဉ်လက်မှတ်များဝယ်ယူခြင်း၊ အခွန်အခများ ပေးဆောင်ခြင်း၊ အစားအသောက်နှင့် ပစ္စည်းများပို့ဆောင်ပေးခြင်း၊ လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများ မှာယူပို့ဆောင်ပေးခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Get Digital Store စီးပွားရေးလုပ်ငန်း အနေဖြင့် ကုန်ပစ္စည်း အမျိုးပေါင်း ၅၀ ကျော်၊ လူသုံးကုန်ပစ္စည်း အမျိုး အစားပေါင်း ၃၀ဝ ကျော်ကို ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


