ငါးဇွန် ၂၀ သြဂုတ်


မြန်မာ့လက်မှုပညာ တစ်ခုဖြစ်သော ဂျုံရိုးခမောက် ပြုလုပ်သည့် လုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ သားကျင်ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်။


ဂျုံရိုးခမောက် ပြုလုပ်ပုံနှင့်ပတ်သက်၍ ပထမဆုံး ဂျုံရိုးတွေကို ဂျုံရိုးခွေဖြစ်အောင်ထိုးပြီး ပိုနေတဲ့ အပိုင်းလေးတွေကို ကတ်ကြေးနဲ့ ညှပ်ထုတ်ရကြောင်း ယင်းနောက်စက်နှင့် ကျိတ်ရကြောင်း၊ ဂျုံရိုးခွေရပါက လိုချင်တဲ့ ခမောက်ပုံစံဖြစ်အောင် ချုပ်ရကြောင်း ဂျုံရိုးခမောက်ပြုလုပ်သူ ဒေါ်တင်ရီမှ ရှင်းပြသည်။


သားကျင်ကျေးရွာမှ ထိုးပြီးဂျုံရိုးခမောက်များကို ငါးဇွန်၊ မြင်းခြံ၊ ဗန်းမော်နှင့် မန္တလေးသို့ အများဆုံး တင်ပို့ရချရကြောင်းနှင့် တပို့တွဲ၊ တပေါင်း၊ တန်ခူးနှင့် ကဆုန်လများသည် ရောင်းအား အကောင်းဆုံးလများဖြစ်ကြောင်း ဂျုံရိုးခမောက်ပြုသူများထံမှ သိရသည်။


'ဂျုံစိုက်တောင်သူ နည်းလာတော့ ခမောက်လုပ်ဖို့ ကုန်ကြမ်းတွေက ရှားပြီး ဈေးတက်လာတယ်။ အရင်က ဂျုံရိုးစိုက်ခင်း တစ်ဧကကို ၆ သောင်း၊ ၇ သောင်း ပေးရတာကနေ အခုဆို ၁သိန်း၊ ၁သိန်း ၂ သောင်းထိ ဈေးတွေတက်လာတယ်။ အဲတော့ အမြတ်နည်းတာပေါ့။' ဟု သားကျင်ကျေးရွာတွင် ဂျုံရိုးခမောက်ပြုလုပ်သူ ကိုသန်းစိုးက ပြောသည်။


ဂျုံရိုးခမောက်ကို အများအားဖြင့် ပုံစံ (၇)မျိုးပြုလုပ်ကြသည်။ အကြမ်းသေးတစ်လုံးလျှင် ၉၅၀ကျပ်၊ အကြမ်းကြီးနှင့် ယောက်ျားဆောင်း တစ်လုံးလျှင် ၁၁၀ဝ ကျပ်၊ အနု ၅ လက်မ တစ်လုံးလျှင် ၁၁၅၀ ကျပ်၊ အထူးရှယ် (နာမည်တပ်) ခမောက်တစ်လုံးလျှင် ၁၇၀ဝကျပ်၊ ၁၈၀ဝ ကျပ်နှင့် အလှဆင်ထားသော ခမောက်တစ်လုံးလျှင် ၁၉၀ဝကျပ်၊ ၂၀ဝဝ ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သားကျင်ကျေးရွာတွင် ခမောက်လုပ်ကိုင်သူများမှ ပြောပြသည်။


သားကျင်ကျေးရွာတွင် ဂျုံရိုးခမောက် ပြုလုပ်ကြသည်မှာ အနှစ် ၂၀ ကျော်ရှိပြီသည်။ ဂျုံရိုးခမောက်များသည် ဈေးသက်သာပြီး နေရောင်ခြည် အပူဒဏ်ကို ကာကွယ်ပေးသည့်အတွက် သားကျင်ကျေးရွာအနေဖြင့် တစ်နှစ်လျှင် ခန့်မှန်းခြေ ခမောက်အလုံးပေါင်း ၇ သောင်းကျော် ရောင်းရကြောင်းနှင့် ဂျုံရိုးခမောက်လုပ်ငန်းကို ပြည်ပမှ လာရောက်လေ့လာသူများ မရှိသေးကြောင်း ၄င်းတို့မှ ဆက်လက်ပြောပြသည်။


တင်ဇာလှိုင်(ပြန်/ဆက်)