ကလိန်အောင် ၂၀ သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ယမန်နေ့မနက် ၉ နာရီခွဲက ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


ဟောပြောပွဲတွင် ရေဖြူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဌကိုယ်စား ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကလိန် အောင်မြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်ဆွေလင်းက မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို  ရှင်းလင်းပြောကြားသည်။


ပြီးနောက် ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံးကြီးမှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ဦးထွန်းထွန်းအောင်က တီဘီရောဂါသည် အခြားရောဂါများထက် ပိုကြောက်ဖို့ကောင်းကြောင်း၊ ကူးစက်ပုံအကြောင်း၊ ရောဂါလက္ခဏာများအကြောင်း၊ ကာကွယ်ပုံနည်းလမ်းများ၊ တီဘီရောဂါဖြစ်ပွားနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်အလက်များကို ဆွေးနွေးပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်တင်တင်မြက ကလေးသူငယ်အခွင့်အရေးနှင့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းချက်များအကြောင်းကို ပြောကြားသည်။


ထို့နောက် ရေဖြူမြို့နယ် အနာဂတ်အလင်းရောင်အဖွဲ့မှ ဖြစ်ရပ်ကြီးကြပ်သူ ဒေါ်ဒေစီသင်းက ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို ကလေးသူငယ်များ၏ ရပိုင်ခွင့်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စသည့်အခွင့်အရေး (၄) ရပ်အကြောင်းကိုလည်းကောင်း၊  အနာဂတ်အလင်းရောင်အဖွဲ့၏ လုပ်ငန်းစဉ် များနှင့် အနာဂတ်အလင်းရောင်အဖွဲ့မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ် ဖြစ်ရပ်စီမံခန့်ခွဲခြင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လုပ်ငန်းများ  ဆောင်ရွက်ပေးနေမှုများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ရေဖြူမြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌကိုယ်စား ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မိုးမိုးလွင်၊ ဒုမြို့နယ်ပညာရေးမှူး ဦးမျိုးမင်းဦး၊   ကလိန်အောင်မြို့နယ် မြေရဲစခန်းမှ ဒုရဲအုပ် သက်ဆွေလင်း၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်တင်တင်မြ၊ ရေဖြူမြို့နယ် အနာဂတ်အလင်းရောင်အဖွဲ့မှ ဖြစ်ရပ်ကြီးကြပ်သူ ဒေါ်ဒေစီသင်းနှင့်အဖွဲ့၊ ရေဖြူမြို့နယ် ကြက်ခြေနီအသင်းအဖွဲ့မှ မြို့နယ်တပ်ဖွဲ့ မှူး ဒေါ်သီတာတင်၊ ကျောင်းအုပ်ဆရာကြီး ဦးထွန်းနိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀ဝ ခန့် တက်ရောက်ကြကြောင်း သိရသည်။


ကလိန်အောင်(ပြန်/ဆက်)