ကျောက်ကြီး ၂၀ သြဂုတ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြော၍ ကျောင်းမုန့်ဈေးတန်းများ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပဲခူးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကပ်ကျေးရပ်ကွက် မူလတန်းလွန်ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန ကျောက်ကြီးမြို့နယ် တာဝန်ခံ ဦးစိန်လွင် က ကျောင်းသူ ကျောင်းသားများအား စားသုံးရန် မသင့်သည့် မုန့်များ၊ ယင်နားစာများ၊ အသက် (၁၈) နှစ်အောက်များ သောက်သုံးရန်မသင့်သည့် အချိုရည်များ၊ ကင်ဆာဖြစ်ပေါ်စေနိုင်သည့်အစားအစာများ၊ မသုံးသင့် သည့် အိမ်အသုံးဆောင်ပစ္စည်းများနှင့် အာမခံမရှိသည့် အိမ်အသုံးဆောင်ပစ္စည်းများ မသုံးသင့်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ထို့အပြင် ဖုန်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်စေတတ်သော အန္တရာယ်များ၊ သွားတိုက်ဆေးအသုံးပြုရာတွင် အသုံးပြုသင့်သည့် သွားတိုက်ဆေးနှင့် အသုံးမပြုသင့်သည့် သွားတိုက်ဆေးများနှင့် ပတ်သက်သည့်ဖြစ်ပေါ် စေတတ်သောအန္တရာယ်များ၊ ခေတ်စားနေတဲ့ စိတ်ကြွဆေးထုပ်၊ ကလေးချိုချဉ်ထုတ်၊ လိမ္မော်အရသာ ထုပ်ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် Original Orange အရသာမျိုးက မသိသာဘဲ သောက်ပြီးလျှင် နှစ်ရက်လောက် စိတ်ကြွရူးသွပ်နေတတ်ကြောင်း၊ စာသုံးသူရေးရာဥပဒေများ အကြောင်းရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။
ယင်းနောက် ကျောင်းမုန့်ဈေးဆိုင်းတန်းများ၌ စားသုံးရန်မသင့်သော အန္တရာယ်ရှိအစားအစာများ ရောင်းချမှု ရှိမရှိ စစ်ဆေးရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများက ဝိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ကျောက်ကြီးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၃၀ ကျောင်းအား တစ်လလျှင် ၅ ကျောင်း ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြို့မဈေးများ၊ ကျောင်းဈေးများ၊ ရပ်ကျေးဈေးများ၊ တပ်မတော်အတွင်းရှိ ဈေးတန်းများ အား အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


