မိုးညှင်း ၂၀ ဩဂုတ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့အရှေ့စုရပ်ကွက်ရှိ ရွှေသာလျောင်းဇာတ်ရုံတွင် လျှပ်စစ်ဆိုင်ကယ်နှင့်လိုင်စင်မဲ့ဆိုင်ကယ်များအား နေ့ချင်းပြီး လိုင်စင်ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှစ၍ လိုင်စင်ပြုလုပ်ရေးဆက်စပ်အဖွဲ့များက တစ်နေရာထဲတွင် နေ့ချင်းပြီး လိုင်စင်ပြုလုပ်ပေးလျက်ရှိသည်။
လိုင်စင်ပြုလုပ်ပေးရာတွင် ၂၀၁၆ ခုနှစ် အောက်ဆိုင်ကယ်များ၊ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်ထုတ် ဆိုင်ကယ်များ ၊၂၀၁၉ ခုနှစ်ထုတ် ဆိုင်ကယ်ဟူ၍ အမျိုးအစား သုံးမျိုးခွဲခြားပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆိုင်ကယ်(၁)စီး၏ ထုတ်လုပ်သည့်နိုင်ငံနှင့် ဆိုင်ကယ်အမျိုးအစားအလိုက် စည်းကြပ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်အခွန်၂၉၉၀ဝကျပ်၊ဘက်ထရီဆိုင်ကယ်များအတွက်အာမခံကြေး၈၁၅၀ကျပ်နှင့်အခြားဆိုင်ကယ်များအတွက် ၄၂၀ဝ ကျပ်၊ ဘဏ်ဆောင်ရွက်ခ ၅၀ဝ ကျပ်၊ စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ် အခွန် ၃၁၀ဝ ကျပ် အသီးသီးသတ်မှတ် ကောက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ လိုင်စင်ပြုလုပ်ပေးခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့မှနံနက်ပိုင်းမှစ၍ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ရုံးဖွင့်ရက်များအတိုင်းနေ့စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


