မြိတ် ၂၀ သြဂုတ်
မြိတ်တက္ကသိုလ် ကျောင်းသားကျောင်းသူများအား လူမှုဂရုဏာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်များကို နားလည်တတ်မြောက်စေရန်နှင့် တက္ကသိုလ်ကိုယ်စားပြု ထူးချွန်ကြက်ခြေနီ လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြိတ်တက္ကသိုလ် ကြက်ခြေနီအသင်း (ခွဲ) နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း သာမန်အဆင့် သင်တန်းကို ယနေ့ နံနက် (၉) နာရီက သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ရှေးဦးပြုစုခြင်း သဘောတရားနှင့် အတွေးအခေါ်များ၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကို ထိန်းချုပ်ခြင်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လုပ်ငန်းများ၊ လူနာဆန်းစစ်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ္တီးစည်းခြင်းများ၊ အခြေခံ အသက်အထောက်အကူပြုခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် စိတ်ချရသော ဘေးစောင်း အနေအထား၊ ဦးခေါင်းဒဏ်ရာနှင့် ကျောရိုးတန်းမဒဏ်ရာ၊ လူငယ်နှင့်ရည်မှန်းချက်၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ ကူးစက်ရောဂါ အကြောင်း သိကောင်းစရာများ စသော ဘာသာရပ်များကို သင်တန်းကာလ (၆) ရက် သင်ကြားပေး ခဲ့ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
သင်တန်းဆင်းပွဲတွင် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်၊ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ၊ သင်တန်းအောင် လက်မှတ်များနှင့် သင်တန်းထူးချွန်ဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထိုနောက် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့မှ တက္ကသိုလ် ကြက်ခြေနီအသင်း (ခွဲ) အား ဆေးအိတ် (၅) လုံး ပေးအပ်ခဲ့သည်။
သင်တန်းကို တက္ကသိုလ် ကျောင်းသား/သူ ၇၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)


