လာအိုနိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စင်းချောက်အတွင်း ပြုတ်ကျမှုဖြစ်ပွားရာ တရုတ်နိုင်ငံသား ရှစ်ဦးသေဆုံးခဲ့ပြီး ၂၉ဦးမှာ ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးနေကြောင်း လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

တရုတ်ခရီးသည် ၄၃ဦး၊ တရုတ်ခရီးသွားလက်ထောက်တစ်ဦးနှင့် လာအို ဧည့်လမ်းညွှန်နှစ်ဦး ပါဝင်သည့် အဆိုပါ ဘတ်စ်ကားမှာ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်း၏ ၁၈၀ကီလိုမီတာအကွာ၊ လွမ်ပရာဘွမ်မြောက်ပိုင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဘီးချော်ခဲ့ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ လာအိုနိုင်ငံသား နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း  အခင်းဖြစ်ပွားရာနေရာရှိ တရုတ်ကယ်ဆယ်ရေး အဖွဲ့က တနင်္လာနေ့ နှောင်းပိုင်းတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ကား၏ ဘရိတ်စနစ်ချို့ယွင်းခြင်းကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 

လွမ်ပရာဘွမ်မြို့ရှိ တရုတ်နိုင်ငံကောင်စစ်ဝန်ရုံးမှ ကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း လာအိုနိုင်ငံရှိ တရုတ်သံရုံးက ပြောကြားခဲ့သည်။

မိုးရာသီအတွင်း ကားမောင်းသည့်အခါ အထူးသဖြင့် တောင်ပေါ်ဒေသများတွင် ခရီးသွားလာရေးဘေးကင်းရန် အတွက် သတိနှင့် ကားမောင်းကြရန် ယာဉ်များကို သတိထားစစ်ဆေးကြရန် လာအိုနိုင်ငံမှ တရုတ်သံရုံးနှင့် လွမ်ဘရာဘွမ်ရှိ ကောင်စစ်ဝန်ရုံးတို့က သတိပေးလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်