မိတ္ထီလာ ၂၀  သြဂုတ် 


မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက်၌ ရပ်ကွက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် ရေဂါလန် ၅၀ဝဝဝ ဆံ့ အုတ်ရေလှောင်ကန် တည်ဆောက်လျက်ရှိရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


မိတ္ထီလာမြို့ ကျီးတော်ကုန်းရပ်ကွက်ရှိ နယ်မြေ(၁)မှ (၇)အတွင်းရှိ အိမ်ထောင်စု (၁၃၀ဝ)ကို သောက်သုံးရေရရှိအောင် နယ်မြေ (၅) တွင် (၆) လက်မ စက်ရေတွင်း တစ်တွင်းနှင့် အုတ်ရေကန် တစ်ကန် တူးဖော်ပြီး ရပ်ကွက်နေပြည်သူများအား ရေလှောင်ကန်မှ ရေကို လာရောက်ခတ်ယူ အသုံးပြုစေလျက်ရှိရာမှ သောက်သုံးရေ မလုံလောက်သည့်အတွက် ၂၀ဝ၉ ခုနှစ်တွင် (၆)လက်မ စက်ရေတွင်း တစ်တွင်း ထပ်မံ တူးဖော်ခြင်းနှင့်အတူ ရပ်ကွက်အတွင်း ရေပိုက်သွယ်တန်းခြင်း၊ နေအိမ်များသို့ ရေတိုင် (၃၀ဝ) တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင်  ရပ်ကွက်အတွင်း၌ အိမ်ထောင်စုများ၍ သောက်သုံးရေ မလုံလောက်သည့်အတွက် ၂၀၁၂ ခုနှစ်တွင် (၈)လက်မ စက်ရေတွင်း တစ်တွင်း၊ (၁၀)လက်မ စက်ရေတွင်း တစ်တွင်း၊ ရေဂါလန် (၇၀ဝဝ)ဆံ့ အုတ်ရေလှောင်ကန် တစ်ကန်နှင့် ရေစင်တည်ဆောက်ခြင်း၊ ရေတိုင်(၅၀ဝ) တပ်ဆင်ခြင်းများကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်ခဲ့သည်။


ရပ်ကွက်နေပြည်သူများအား သောက်သုံးရေ အဆင်ပြေစေရန်အတွက် အဝီစိတွင်းများ တူးဖော်ကာ ရပ်ကွက်အတွင်း ရေစင်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ရေတိုင်များ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး အိမ်ထောင်စု ၁၃၀ဝ ကျော်အား ရေပိုက်လိုင်း (၁၃)လိုင်း ရေတိုင်ပေါင်း (၈၅၀) ဖြင့် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပေးဝေလျက်ရှိရာမှ  နေ့စဉ် ရေပေးဝေနိုင်စေရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ်တွင် စည်ပင်သာယာရေးမှ ကြီးကြပ်၍ ခိုင်ခန့်ဖြူစင်ကုမ္ပဏီမှ တာဝန်ယူပြီး အလျား ပေ ၄၀ ၊ အနံ ၂၅ ပေ အမြင့် ၈ ပေ ရှိ ဂါလန် (၅၀ဝဝဝ)ဆံ့ အုတ်ရေလှောင်ကန်ကို ဇွန်လ ပထမပတ်က စတင်တည်ဆောက်လျက်ရှိမှ ယခုဆိုလျင် လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ရပ်ကွက်နေပြည်သူများအား သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်း  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုထွေးထံမှ သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)