မင်းလှ ၂၀ သြဂုတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြေခြားကျေးရွာ၌ သောက်သုံးရေရှားပါးမှု မရှိစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် မြေသား မိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ထံမှ သိရသည်။
မြေခြားကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိစက်ရေတွင်း တူးဖော်ပေးနိုင်ရေးအတွက် GP Survey တိုင်းတာမှုများ ပြုလုပ်ရာတွင် မြေအောက်ရေအောင်းလွှာမရှိ၍ အဝီစိစက်ရေတွင်း တူးဖော်မရနိုင်ကြောင်း တွေ့ရှိရခြင်း၊ ကျေးရွာပိုင်မြေသားရေကန် တစ်ကန်ရှိသော်လည်း လုံလောက်မှုမရှိခြင်း၊ နှစ်စဉ်နွေရာသီ ကာလရောက်တိုင်း သောက်သုံးရေပြတ်လပ်သဖြင့် ဌာနဆိုင်ရာ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးနေရခြင်းတို့ကြောင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ အနီးကပ်ကြီးကြပ်မှုနှင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဇွန်လမှ စတင် တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီမကုန်မီ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ မိုးရေများစတင်ဝင်ရောက်နေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး က ဆက်လက်ပြောပြသည်။
အဆိုပါမြေသား မိုးရေလှောင်ကန် အလျား ပေ ၅ဝ× အနံပေ ၅ဝ× အနက် ငါးပေ နှိုက်ခြင်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရ ရန်ပုံငွေကျပ် ၉ ဒသမ ဝ၀ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နည်းပညာ အကူအညီဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် တာဝန်ယူ တူးဖော်ခဲ့ခြင်းဖြစ်သည်။
မြေခြားကျေးရွာတွင် မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၃၁၃၊ လူဦးရေ ၁၃၅၁ ဦးနှင့် တိရစ္ဆာန်များအတွက် နွေရာသီသောက်သုံးရေ အခက်အခဲများ အဆင်ပြေ သွားမည်ဖြစ်သည်။
ဆက်လက်၍ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်၌ မင်းလှမြို့နယ်အတွင်ရှိ ကျေးရွာရှစ်ရွာတွင် သောက်သုံးရေရှားပါးမှု မရှိစေရန်ရည်ရွယ်၍ မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်း လုပ်ငန်းခြောက်ခု၊ ရေပိုလွှဲပြုပြင်ခြင်းတစ်ခု အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းတစ်ခုတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၆၉ ဒသမ ၃၄ သန်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ငြိမ်းသူ


