ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အသည်းကွဲတယ်၊ အမြဲဖီးလ်နေရတယ်၊ မမေ့နိုင်သေးဘူး ဆိုတာတွေက စိတ်ဖိစီးမှုပဲဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်စေတယ်လို့ လက်ခံထားကြပါတယ်။ စိတ်ဖိစီးရင် အစားပိုစားမိတယ်၊ ပိုဝလာတယ်ဆိုပြီးတော့လည်း သိထားကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါတွေ့ရှိချက်မှာတော့ အသည်းကွဲတာ၊ အချစ်ဟောင်းကို တမ်းတပြီးဆွေးနေတာက အဆိုးထဲကအကောင်းတစ်ခု ဖြစ်လာနိုင်တာ သင်သိပါသလား။
အချစ်ဟောင်းကို မမေ့နိုင်ဘဲ မျက်ရည်ကျနေဆဲ ဆိုရင်တော့ ဝိတ်ချချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်တယ်လို့ သုတေသနအသစ်က ဖော်ပြထားပါတယ်။
စိတ်ခံစားချက်ကြောင့် ငိုကြွေးခြင်းက ကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်လို့ စိတ်ဖိစီးမှုဆိုင်ရာသုတေသီ Dr Pete Sulack ကပြောပါတယ်။
အသည်းကွဲဝေဒနာကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေမှာ prolactin၊ adrenocorticotropic ဟော်မုန်းနဲ့ leucine enkephalin တို့လို ဟော်မုန်းတွေပါဝင်ပြီး ဒါတွေအားလုံးဟာ ကြီးမားတဲ့စိတ်ဖိစီးမှုကို ခံစားနေရတဲ့အချိန်မှာ လူခန္ဓာကိုယ်ကနေထွက်လာတတ်တဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။
စိတ်ဖိစီးမှုအတိုင်းအတာနဲ့သက်ဆိုင်တဲ့ Cortisol ဟော်မုန်းကလည်း ခန္ဓာကိုယ်မှာ အဆီတက်မတက်ကို ထိန်းညှိရာမှာ ဆက်နွှယ်နေပါတယ်။
“adrenocorticotropic ဟော်မုန်းတွေနည်းသွားရင် ခန္ဓာကိုယ်ရဲ့ cortisol ပမာဏကို လျော့နည်းစေနိုင်တယ်” လို့ Sulack ကပြောပါတယ်။
ဒါ့ကြောင့် အားရပါးရ ငိုချလိုက်တာက ငိုပြီးတဲ့အခါ စိတ်ကိုတည်ငြိမ်စေပြီး စိတ်သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
ငိုကြွေးခြင်းက ချွေးထွက်ခြင်းနဲ့ ဆီးသွားခြင်းတို့လို အရည်စွန့်ထုတ်မှုဖြစ်စဉ်တွေလိုပဲ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ဖယ်ရှားစွန့်ထုတ်ပေးနိုင်တယ်လို့ St. Paul-Ramsey Medical centre ရဲ့သုတေသနက ဖော်ပြပါတယ်။ ဒီသတင်းကို New York Times မှာ ဖော်ပြထားတာပါ။
မျက်စိမှာတစ်ခုခုဖြစ်လို့ မျက်ရည်ကျတာ၊ ကြက်သွန်မွှန်လို့မျက်ရည်ကျတာတွေနဲ့စာရင် စိတ်ခံစားချက်ကြောင့် ထွက်လာတဲ့ မျက်ရည်တွေကမှ stress hormones တွေကို ဖယ်ရှားပေးနိုင်တာဖြစ်တယ်လို့ သုတေသနကပြောပါတယ်။
ဒါ့ကြောင့် ဝိတ်ကျချင်တယ်ဆို အရင်ကအမှတ်တရတွေ တွေးတွေးပြီး ထိုင်သာဖီးလ်ပေတော့။ အစားတွေတော့ စွတ်မစားမိဖို့ ထိန်းပေါ့နော်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”