နေပြည်တော် ၂၀ သြဂုတ်
တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် အတည်ပြုလိုက်သည်။

ယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကတင်သွင်းသည့် “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၇၀ ကို အတည်ပြုရန် လွှတ်တော်သို့တင်သွင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၇၀ နှင့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း” တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ထို့ပြင် ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ “နယ်ခြားစောင့်တပ် (၁၀ဝ၁)မှ သိမ်းယူထားသော လှေကားထစ်လယ် (၂၄) ဧကအတွက် နစ်နာကြေးငွေပေးရန် စီစဉ်ထားမှု ရှိ၊ မရှိနှင့် သိမ်းဆည်းထားပြီးသော ဧရိယာထဲမှ အသုံးမပြုသည့်မြေများ ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အမှတ်(၁၀ဝ၁) နယ်ခြားစောင့်တပ်အနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် ဂန့်ဂွင်းကျေးရွာအုပ်စု ကွင်းမှတ် OSS ဂန့်ဂွင်း၊ ဦးပိုင်အမှတ် ၁ ရှိမြေလွတ်မြေရိုင်း ၉၇၀ ဧကကို မြေနှင့် အခွန်ဆင့်ဆိုချက်အရ တပ်ပိုင်မြေအဖြစ် အသုံးပြုရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက အခမဲ့ လွှဲပြောင်းလက်ခံရရှိခဲ့ပါကြောင်း။
တပ်ပိုင်မြေအတွင်း ပါဝင်ခဲ့သည့် တောင်သူ ၂၂ ဦး၏ လယ်မြေဧရိယာ ၃၀ ဒသမ ၇၀ ဧကနှင့် ဥယျာဉ်ခြံမြေဧရိယာ ၁ ဒသမ ၅၀ ဧက စုစုပေါင်း ၃၂ ဒသမ ၂၀ ဧကအတွက် လျော်ကြေးငွေကျပ် ၅၉၃၆၀၈၀ဝ အား ပေးလျော်ခဲ့ပြီး ဖြစ်သော်လည်း ချီဖွေမြို့နယ် မြေစာရင်းဦးစီးဌာနမှ မှားယွင်းတိုင်းတာ တွက်ချက်ခဲ့မှုကြောင့် တောင်သူ ၂၁ ဦး၏ လယ်မြေဧရိယာ ၂၄ ဧကအား ထပ်မံပေးချေရန် ကျန်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ တောင်သူ ၂၂ ဦးအား လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီး ဖြစ်သော်လည်း မြို့နယ် မြေစာရင်းဦးစီးဌာန၏ မှားယွင်းတွက်ချက်မှုအရ လျော်ကြေးပေးချေရန် ကျန်ရှိခဲ့သောတောင်သူ ၂၁ ဦး၏ လယ်မြေဧရိယာ ၂၄ ဧကသည် တပ်၏ လျာထားအဆောက်အဦများနှင့် လွတ်ကင်းပြီး အသုံးပြုခြင်းမရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် သိမ်းဆည်း ခြံကာထားပြီး ဧရိယာ၏ ပြင်ပကျန် လယ်မြေနှင့် ယာမြေများကို ဆက်လက်သိမ်းဆည်းရန် မရှိကြောင်း၊ ဒေသခံတောင်သူများအား အသိပေး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ “မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု ကုန်းလေမုတ်ကျေးရွာ လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု ကုန်းလေမုတ်ကျေးရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောက်မယ် ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီဓာတ်အားလိုင်း ဝ ဒသမ ဝ၅ မိုင်၊ ၁၁/ဝ.၄ ကေဗွီ ၁၀ဝ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀ဝ ဗို့ဓာတ်အားလိုင်း ၁ ဒသမ ၂ မိုင် တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ထည့်သွင်းလျာထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၏ “ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာရှိ အသေးစားရေအား လျှပ်စစ်စက်ရုံအား ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကတ္တလူကျေးရွာရှိ အသေးစား ရေအားလျှပ်စစ်စက်ရုံ၏ စီမံခန့်ခွဲမှုအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သဖြင့် အဆိုပါ အသေးစားရေအားလျှပ်စစ်စက်ရုံ၏ ထိန်းသိမ်းပြုပြင်မှုနှင့် အဆင့်မြှင့်တင်မှုစရိတ်များအား စက်ရုံများလွှဲပြောင်းပြီးချိန်မှစ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားဆောင်ရွက်ခြင်း မရှိတော့ပါသဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်သာ စီမံဆောင်ရွက်နိုင်သည့်ကိစ္စရပ်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့အတူ မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ “မင်းတပ်မြို့၏ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပလိပ်တွီကျေးရွာတွင် 33/11 KV 3 MVA ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြားသည်။
ထို့ပြင် ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်း၏ “နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်များသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် PARDON သို့တည်းမဟုတ် လွတ်ငြိမ်းချမ်းသာခွင့် AMNESTY ဖြစ်သည်ကို ကွဲပြားစွာ သိလိုခြင်းနှင့် ၉-၅-၂၀၁၉ ရက်စွဲပါ သတင်းထုတ်ပြန်ချက်မှ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးရေးအတွက် အကျဉ်းသား၊ အကျဉ်းသူများ လွှတ်ပေးရန် စနစ်တကျစိစစ်ခဲ့သည့် မူဝါဒများကို ရှင်းလင်းစွာသိလိုခြင်း” မေးခွန်၊ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၏ “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများ ကျန်းမာရေး ဆေးကုသမှုခံယူရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စွာ ကုသနိုင်စေရန် ရန်ကုန်နှင့် မန္တလေးအစရှိသည့် မြို့ကြီးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆေးရုံ(ရဲဆေးရုံ) တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေ၏ “ဂွမြို့နယ် ဆက်သွားချောင်း သဗြာဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် သစ်တင်လှေအား သစ်တောဝန်ထမ်း၊ ရဲဝန်ထမ်းများ လက်သို့အပ်နှံခဲ့ပြီးမှ လွတ်မြောက်သွားခြင်းအား မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်း” မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထိုက်ထိုက်