နေပြည်တော် ၂၀ သြဂုတ်
၂၀၁၉ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု(ခ) နောက်ဆုံးနေ့ကို သြဂုတ် ၂၀ ရက်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပရာ မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး အုပ်စု ဒုတိယနေရာသာ ရယူနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် နိုင်ပွဲရရန် ကြိုးပမ်းခဲ့သော်လည်း မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ နှစ်သင်းစလုံး အမာခံ ကစားသမားအစုံအလင် အသုံးပြုခဲ့သော်လည်း ဗီယက်နမ်အသင်းက မြန်မာအသင်း၏ ခံစစ်အားနည်းမှုကို အခွင့်ကောင်းယူကာ ဂိုးပြတ်သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အာဆီယံထိပ်သီး ဗီယက်နမ်၊ ထိုင်းတို့နှင့် ပြိုင်ပွဲများ၌ တွေ့ဆုံရာတွင် ရလဒ်ကောင်းရရန် ရုန်းကန်နေရဆဲဖြစ်ပြီး ယခုပွဲတွင်လည်း အရေးနိမ့်ခဲ့သောကြောင့် အုပ်စုပထမနေရာ ရယူနိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။
ဗီယက်နမ်အသင်းသည် ပွဲအစ သုံးမိနစ်မှာပင် ဖန်ဟိုင်ရန် သွင်းယူသည့် ဂိုးဝင်ခဲ့သောကြောင့် အဖွင့်ဂိုး စောစီးစွာရခဲ့ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့သည်။
မြန်မာအသင်းသည် ဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း တိုက်စစ်ကစားပုံ လိုအပ်ချက်များရှိခဲ့ပြီး ပထမပိုင်း ပြီးခါနီးတွင် ဗီယက်နမ်အသင်းမှ ထိုင်သီသောင်၏ ဒုတိယဂိုးသွင်းယူမှုကို ခွင့်ပြုခဲ့ရသည်။
ဒုတိယပိုင်းအစတွင်လည်း ဗီယက်နမ်အသင်းကပွဲကို ဆက်လက်စိုးမိုးထားပြီး မိနစ် ၆၀ တွင် ဖန်ဟိုင်ရန်နှင့် ၆၃ မိနစ်တွင် ငုယင်ဒူနာတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ ဗီယက်နမ်အသင်း ရရှိခဲ့သည့် စတုတ္ထဂိုးမှာ ပယ်နယ်တီမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။
အုပ်စု (ခ) ပွဲစဉ်များအပြီးတွင် ဗီယက် နမ်အသင်းက ကိုးမှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် ဒုတိယ ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။ အုပ်စု (က)ပွဲစဉ်များမှာ သြဂုတ် ၂၃ ရက်မှ ပြီးဆုံးမည် ဖြစ်သောကြောင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံမည့်အသင်းများ ထွက်ပေါ်ခြင်း မရှိသေးပေ။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF