ရန်ကုန် ၂၀ သြဂုတ်
ရန်ကုန်မြို့နေ ပြည်သူများအား သောက်သုံးရေဖြန့်ဝေရာတွင် လေလွှင့်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် သြဂုတ်လမှစတင်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် ရေပေးဝေမှုအား စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
“အကောင်းဆုံးနည်းက ပုဂ္ဂလိကပေးချင်တယ်။ ဒီဈေးနှုန်းကိုပဲ ကန့်သတ်ပြီးတော့ ပုဂ္ဂလိကလုပ်နိုင်မလားဆိုပြီး ပေးလိုက်လို့ရှိရင် ရေရဲ့အလေအလွင့် နည်းလာမယ်။ လူထုလည်း မှန်မှန်ကန်ကန် သုံးစွဲလာနိုင်မယ်၊ အလေအလွင့်နည်းတယ်ဆိုရင် ဈေးတက်တာကို ခုခံထားနိုင်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့ ပုဂ္ဂလိကစိတ်ဝင်စားတဲ့သူတွေလုပ်ဖို့ ဒီလထဲမှာဘဲ ခေါ်ပါ့မယ်” ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။
အစိုးရဝန်ထမ်း မလုံမလောက်ဖြင့် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေပါက အစိုးရဝန်ထမ်းနှင့် ရေမသမာမှု ပြုလုပ်သူတို့အကြား အပေးအယူများ ရှိနိုင်သည့်အတွက် ရေဈေးနှုန်းကို ကန့်သတ်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ခွင့်ပြုပါက ရေလေလွင့်ဆုံးရှုံးမှုများ လျော့နည်းလာမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရေဖြန့်ဝေမှုကို ပုဂ္ဂလိကအား လုပ်ကိုင်စေရာတွင် မြို့နယ်အလိုက်ဖြစ်စေ၊ ရပ်ကွက်အလိုက်ဖြစ်စေ စတင်လုပ်ကိုင်ခွင့် ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပြည်သူများအား သောက်သုံးရေဖြန့်ဝေရာတွင် ရေသိုလှောင်မှုနှင့် ရေဖြန့်ဝေမှု အပိုင်းဟူ၍ စီမံခန့်ခွဲမှုတွင် နှစ်ပိုင်းခွဲကာ ဆောင်ရွက်လျက်ရှိပြီး ရေသိုလှောင်မှုတွင် နိုင်နင်းစွာ ကိုင်တွယ်နိုင်သော်လည်း ရေဖြန့်ဝေမှုအပိုင်းတွင် အားနည်းလျက်ရှိကြောင်း သိရသည်။
ရေဖြန့်ဝေမှုအပိုင်းတွင် ရေခိုးသွယ်ခြင်းနှင့် ရေခိုးသုံးခြင်းများကြောင့် အလေအလွှင့်များပြားလျက်ရှိပြီး သောက်သုံးရေ လေလွှင့်မှုမရှိအောင် ထိန်းသိမ်းမှုအပိုင်းတွင် ကော်မတီအနေဖြင့် တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်က ၆၀ ရာခိုင်နှုန်း လေလွှင့်ပျောက်ဆုံးနေရာမှ ယခုအခါ ၅၀ ရာနှုန်းအထိ လျော့ကျလာခဲ့ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့အတွက် ဂျိုးဖြူ၊ ငမိုးရိပ်၊ လှော်ကား၊ ဖူးကြီး ရေလှောင်ကန်ကြီးများမှ ရေပေးဝေလျက်ရှိပြီး ကုက္ကိုဝမြစ်ရေ သန့်စင်ပေးဝေမည့် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိကာ စီမံကိန်းပြီးစီးပါက ရေဂါလံ သန်း ၆၀ ထပ်မံ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ ရေလှောင်ကန်ကြီးများမှ လက်ရှိတစ်နေ့လျှင် ရေဂါလံ သန်း ၂၀ဝ ကျော် ပေးဝေလျက်ရှိပြီး ကုက္ကိုဝ မြစ်ရေသန့်စင်စီမံကိန်းသည် ၂၀၂၄ ခုနှစ်တွင်လည်းကောင်း၊ လဂွန်းပြင် စီမံကိန်းသည် ၂၀၂၁ ခုနှစ်တွင် လည်းကောင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - YCDC


