နေပြည်တော် ၂၀ သြဂုတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ Consultant အတိုင်ပင်ခံအဆင့် အထူးကုရောဂါ ဆရာဝန်များအား တိကျရှင်းလင်းသော တာဝန်ခွဲဝေမှု ပေးနိုင်ရန် လိုအပ်သော ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့် ကိစ္စများသည် လက်တွေ့မြေပြင်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အဓိကသည် ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့သည့် ဆေးရုံစီမံခန့်ခွဲမှု လက်စွဲစာအုပ် ဖြစ်ပါကြောင်း၊ ထိုစာအုပ်ကို ၂၀၂၀ ခုနှစ် နှစ်ဦးပိုင်းတွင် အပြီးဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ ထိုစာအုပ်သည် ရှေ့လာမည့်နှစ် ၂၀ အထိ မှီငြမ်းစာအုပ်အဖြစ် အသုံးပြုရမည် ဖြစ်သည့်အတွက် လက်တွေ့အခြေအနေနှင့် ကိုက်ညီမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာန (ခွဲ) အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်တွင် လျာထားပြီး ဖြစ်ပါကြောင်း၊ ဆေးခန်းများအတွက် ငွေကျပ်သိန်း ၃၈၀ ခန့်၊ ဝန်ထမ်းအိမ်ရာများအတွက် ငွေကျပ် ၃၁၆ သိန်းခန့် လျာထားပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ သန့်စင်ခန်း ဆောက်လုပ်ခြင်းနှင့် ကွန်ကရစ်လမ်းဆောက်လုပ်ခြင်း စသည်တို့ ပါဝင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ ကမ္ဘာတစ်ဝန်း တိုးပွားလာသော ဝက်သက်ရောဂါကို မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါအသွင် ဖြစ်ပွားမလာအောင် မည်သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ ပြည်သူများကို ပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှု ပေးရန်အတွက် နိုင်ငံတော်အဆင့် မူဝါဒချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၏ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ မြစ်ရေဝင်အရပ်နှင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲသော တောင်ခြေဒေသရှိ ကျေးရွာအချို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)များ ထားရှိပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လေကန်းကျေးလက် ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိမေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ကျော်ဝင်းတို့က ဆွေးနွေးကြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ ရှေးအစဉ်အဆက် အသုံးပြုခဲ့သော ကျေးလက်နေပြည်သူများ ထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်၊ တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းက များပြားလှသည့်ကန်များ၊ ဆည်များ၊ တမံများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲနိုင်မှုနှင့် မည်သို့စီမံ သုံးစွဲဆောင်ရွက်နိုင်မည် နည်းဆိုသည်မှာ အဓိကစဉ်းစားရမည့်အချက် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုအစိုးရနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲနေသည့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအနေဖြင့် ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်ကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက်ရန် ကိစ္စရပ်များတွင် မည်သို့ စီမံသုံးစွဲနေသည်ကို ဆန်းစစ်ရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနည်းစေပြီး ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်နှင့် အမှန်တကယ် ရေကိုအသုံးပြုနိုင်မှု ကိစ္စရပ်များတွင် အကျိုးရှိရှိ ငွေကြေးသုံးစွဲရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်က မြေအောက်ရေကို လူ့အဖွဲ့အစည်းကသာ ပိုင်ဆိုင်သော်လည်း ပုဂ္ဂလိကပိုင်အဖြစ် ပြည်သူများရှုမြင်ပြီး ကျိုးကြောင်းဆင်ခြင်မှု မရှိဘဲ ကိုယ်ကျိုးအတွက် သော်လည်းကောင်း၊ စီးပွားရေးအတွက်သော်လည်းကောင်း အလွန်အကျွံ ထုတ်ယူသုံးစွဲနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ရေရှားပါးမှု ပြဿနာကို မဖြစ်ခင်ကတည်းက ဒေသအလိုက် တည်ရှိနေသော မိုးရေကန်၊ သောက်ရေကန်၊ တမံငယ်၊ ဆည်ငယ်များကို အမျိုးသားရေအရင်း အမြစ်ကော်မတီအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ရယူပြီး နည်းဗျူဟာ၊ မဟာဗျူဟာများ ရေးဆွဲ၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ဆက်လက်၍ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၊ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်တုတ်တို့က ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို သြဂုတ် ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)