မန္တလေး ၂၀ သြဂုတ်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂၁) ပွဲကျန်ဖြစ်သည့် ရတနာပုံနှင့် ဇွဲကပင်ပွဲကို ယနေ့ညနေပိုင်းက မန္တလာသီရိကွင်း၌ ကျင်းပရာ ဇွဲကပင်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး တန်းဆင်းဇုန်အန္တရာယ်မှ လွတ်မြောက် သွားသည်။
ဇွဲကပင်အသင်းသည် ပွဲစဉ် (၂၀) အပြီးထိ တန်းဆင်းဇုန်နှင့် နီးကပ်စွာရှိခဲ့သော်လည်း ယခုပွဲ အနိုင်ရလဒ်ကြောင့် MNL တွင် ဆက်ရှိရန် သေချာခဲ့ခြင်း ဖြစ်သည်။ ယခုပွဲမတိုင်မီ နည်းပြအပြောင်းအလဲ ပြုလုပ်ထားသည့် ဇွဲကပင်အသင်းသည် ယာယီနည်းပြလက်ထက်တွင် ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ရတနာပုံအသင်းသည် အိမ်ကွင်းရှုံးပွဲကြောင့် အဆင့် (၄) နေရာရယူနိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရပြီး ရာသီကုန်တွင် အဆင့် (၅)အတွင်း ရပ်တည်နိုင်ရန်ပင် မသေချာ ဖြစ်သွားခဲ့သည်။
ဇွဲကပင်အသင်းသည် ကြည်လင်းမှလွဲ၍ လူစုံအသုံးပြုခဲ့ပြီး ရတနာပုံအသင်းတွင်မူ အမာခံကစားသမားအချို့ ပါဝင်နိုင်ခြင်း မရှိဘဲ လှိုင်းဘိုဘို၊ ဝင်းနိုင်စိုး၊ သက်နိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဇွဲကပင်အသင်းသည် ပွဲအစ ၃ မိနစ်မှာပင် ဂိုးစရခဲ့ပြီး တိုက်စစ်မှူး ရာစင်က သွင်းယူခဲ့ခြင်း ဖြစ်သည်။
ရတနာပုံအသင်းသည် ပထမပိုင်းတစ်ပိုင်းလုံး အမှားများနေပြီး ဇွဲကပင်အသင်းအတွက် အခွင့်အရေး ဖြစ်စေခဲ့သည်။ ဒုတိယပိုင်းအစတွင် ဇွဲကပင်အသင်း ဂိုးထပ်ရခဲ့ပြီး အောင်ဇင်ဖြိုးက သွင်းယူခဲ့သည်။ ရတနာပုံအသင်းသည် ဒဏ်ရာမှ ပြန်ကောင်းလာသည့် တိုက်စစ်မှူးဝင်းနိုင်ထွန်း လူစားဝင်ပြီးနောက်ပိုင်းမှ တိုက်စစ်ကစားပုံ ကောင်းမွန်လာပြီး ၇၃ မိနစ်တွင် ဝင်းနိုင်ထွန်းက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သည်။
ပွဲစဉ် (၂၁) အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၄၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၄၁ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၄၀၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ၃၁ မှတ်၊ ရတနာပုံအသင်းက ၂၉ မှတ်၊ စစ်ကိုင်းအသင်းက ၂၇ မှတ်၊ မကွေးအသင်းက ၂၄ မှတ်၊ ဇွဲကပင်အသင်းက ၂၁ မှတ်၊ Southern အသင်းက ရမှတ်၊ ၂၀၊ ဒဂုံနှင့် Chinland အသင်းတို့က ၁၇ မှတ်စီ ရထားသည်။
နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို စက်တင်ဘာ ၁၅ ရက်တွင် တစ်ရက်တည်းကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုအတွက် သုံးသင်း၊ တန်းဆင်းဇုန်အတွက် သုံးသင်း အပြိုင်လုရမည် ဖြစ်သည်။ MNL ပြိုင်ပွဲကို နိုင်ငံတကာ ရက်သတ္တပတ်ကြောင့် သုံးပတ်ရပ်နားမည် ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ