နေပြည်တော် ၂၀ သြဂုတ် 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးရုံးရှိ MOI Website News Room အား တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် MOI Website အား လက်ပ်တော့ကွန်ပျူတာဖြင့် စတင်ဖွင့်လှစ်ပေးသည်။ 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က MOI Website ကို တာဝန်ယူဆောင်ရွက်နေမှုနှင့် News Room ပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့်အပေါ် ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် သတင်းစီးဆင်းမှု လျင်မြန်ချောမွေ့စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် Cyber Security လုပ်ငန်းစဉ်ကိုလည်း ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

MOI Website ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲအနေဖြင့် Webportal, Social Media, (Facebook, Viber, Twitter) တို့မှ ပြည်တွင်း/ပြည်ပ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြမှုဖြင့် ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူမှုမီဒီယာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်တွင် ကြည့်ရှုသူ (၁.၄)သန်းကျော်ရှိကြောင်း သိရသည်။ 

သတင်းစဉ်