နေပြည်တော် ၂၁ ဩဂုတ် 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့အကြား ပက်ခွက်ဆိပ်ကျေးရွာနှင့် ပြိုင်းတောကျေးရွာအနီး၌ ယနေ့တွင် AA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်သုံးစီး ပျက်စီးသွားကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီး စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာလာသည့် အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ရဲမှူးဦးစီးစစ်ကြောင်း ၁ နှင့် တပ်ခွဲ ၁ ခွဲသည် နံနက် ၉ နာရီခန့် တွင် တပ်ဖွဲ့ပိုင်မော်တော်ယာဉ်များဖြင့် ချီတက်လာစဉ် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး ပုဏ္ဏားကျွန်းမြို့မှ ၁၆ မိုင်ခန့်အကွာ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့အကြား ပက်ခွက်ဆိပ်ကျေးရွာအနီးနှင့် ပြိုင်းတောကျေးရွာ အနီးတို့တွင် AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ တစ်ဦး၊ ရဲတပ်သားတစ်ဦး၊ စုစုပေါင်း နှစ်ဦးကျဆုံးကာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ပိုင်မော်တော်ယာဉ် သုံးစီးပျက်စီးခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်