နယူးဒေလီ ၂၁ ဩဂုတ် 

အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ် လကမ္ဘာပေါ်သို့ ခရီးစဉ်သွားရောက်မည့် ချန်ဒရာယန်-၂ အာကာသလွန်းပြန်ယာဉ်သည် ဩဂုတ် ၂၀ ရက်တွင် ဂြိုဟ်တုပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့ (အိုင်အက်စ်အာရ်အို)က ပြောကြားခဲ့သည်။

ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့မှုသည် ချန်ဒရာယန်-၂ အာကာသလွန်းပြန်ယာဉ်၏ ကြီးကျယ်သည့် သမိုင်းဝင် လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း သိရသည်။ ဗစ်ကရမ်ဟု အမည်ပေးထားသည့် လဆင်းယာဉ်ကို ချန်ဒရာယန်-၂ အာကာသ လွန်းပြန်ယာဉ်ပေါ် တင်ဆောင်လျက် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်က လွှတ်တင်ခဲ့သည်။ လဆင်းယာဉ်သည် စက်တင်ဘာ ၇ ရက်တွင် လမျက်နှာပြင်ပေါ် ဖြည်းဖြည်းချင်း ဆင်းသက်နိုင်ရန် ကြိုးစားမည်ဖြစ်သည်ဟု ဆိုသည်။

ချန်ဒရာယန်-၂ အာကာသလွန်းပြန်ယာဉ်သည် ကမ္ဘာမြေ၏ ပထမဆုံးဓာတ်ပုံများကို ယခုလအစောပိုင်းက မှတ်တမ်းတင် ရိုက်ကူးကာ ပေးပို့ခဲ့သည်။ အကယ်၍ လကမ္ဘာသို့သွားသည့် ခရီးစဉ် အောင်မြင်ခဲ့မည်ဆိုပါက အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံပြီးလျှင် လကမ္ဘာပေါ်သို့ ရောက်ရှိသည့် လေးခုမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

လကမ္ဘာသို့ ခရီးစဉ်သွားရောက်မှုအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၁၅၀ နီးပါးရှိပြီး ခရီးစဉ်အတွင်း လမျက်နှာပြင်ပေါ်ရှိ ရေ၊ ဒြပ်စင်ပစ္စည်းများ၊ ကျောက်ပုံဆောင်ခဲများနှင့် သက်ဆိုင်သည့် အချက်အလက်များကို စုစည်း ရှာဖွေမှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ