မနာမာ ၂၁ ဩဂုတ် 

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့တွင် ပါဝင်ကြရန် အမေရိကန်က အဆိုပြုထားရာ အဆိုပါလှုပ်ရှားမှုတွင် ဘာရိန်းနိုင်ငံလည်း ပူးပေါင်းပါဝင်မည်ဟု သိရသည်။ ဘာရိန်းဘုရင် အစ်ဆာအယ်ခါလစ်ဖာသည် အပြည်ပြည်ဆိုင်ရာ မဟာမိတ်ပူးပေါင်းအဖွဲ့ အတွင်းသို့ ဝင်ရောက်ရန် ဩဂုတ် ၂၀ ရက်က အတည်ပြုခဲ့ကြောင်း ဘာရိန်းနိုင်ငံပိုင် မီဒီယာတွင် ဖော်ပြသည်။

ဗြိတိန်နိုင်ငံသည်လည်း အဆိုပါ မဟာမိတ်ပူးပေါင်းလှုပ်ရှားရေးအဖွဲ့အတွင်းသို့ ပါဝင်မည်ဟု ကြေညာခဲ့ရာ ဘာရိန်းနိုင်ငံသည် ဒုတိယမြောက် ပူးပေါင်းလာသည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ဘာရိန်းနိုင်ငံသည် မဟာမိတ်ပူးပေါင်းအဖွဲ့အတွက် အရေးကြီးသည့် အခြေစိုက်စခန်းတစ်ခု ဖြစ်လာလိမ့်မည်ဟု လေ့လာသူများက ပြောသည်။ အမေရိကန် ဗဟိုကြီးကြပ်ကွပ်ကဲရေးရုံးကလည်း ဘာရိန်းဘုရင်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပင်လယ်ရေကြောင်း လုံခြုံစိတ်ချရရေးဒေသတွင်း တင်းမာမှုများ လျှော့ချနိုင်ရေးတို့ကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် ကုန်စည်များ လွတ်လပ်စွာ စီးဆင်းနိုင်ရေးသည် ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီးဆုံး အရာပင်ဖြစ်သည်။ လွတ်လပ်စွာ ကုန်သွယ်စီးဆင်းမှုကို ခြိမ်းခြောက်လာခြင်းသည် အပြည်ပြည်ဆိုင်ရာအတွက် ပြဿနာပင် ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ အီရန်နှင့် အမေရိကန်တို့ကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် အမေရိကန်အစိုးရသည် ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာမှုအတွက် လုံခြုံစိတ်ချမှုရစေရေး ပူးတွဲစစ်ရေးလှုပ်ရှားမှုတွင် နိုင်ငံများ ပူးပေါင်းပါဝင်လာကြရန် တောင်းဆိုထားသည်။

အင်န်အိတ်ချ်ကေ