ဆိုးလ် ၂၁ ဩဂုတ်
ဂျပန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားနေမှုဖြစ်ပေါ်နေစဉ်အတွင်း ခရီးသွားလာမှုများ ကျဆင်းနေခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပျံသန်းနေသည့် လေကြောင်းခရီးစဉ် အများ အပြားကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကိုရီးယန်းအဲလေကြောင်းလိုင်းက ပြောကြားသည်ဟု အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဘူဆန်နှင့်ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ ကန်ဆိုင်းလေဆိပ်အကြား ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များကို စက်တင်ဘာလမှစ၍ လုံးဝရပ်ဆိုင်းမည်ဟု အဆိုပါ လေကြောင်းလိုင်းက ဩဂုတ် ၂၀ ရက်တွင် ပြောကြားသည်။
လာမည့် နိုဝင်ဘာလတွင် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ အပန်းဖြေကျွန်းမြို့ ဂျေဂျူးမှ ဂျပန်နိုင်ငံရှိနာရီတာနှင် ကန်ဆိုင်းလေဆိပ်များသို့ ပျံသန်းသည့်ခရီးစဉ်များကို ပယ်ဖျက်ရန် ကိုရီးယန်းအဲလေကြောင်းလိုင်းက စီစဉ်နေသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်ယေအိမ်မှ ဂျပန်နိုင်ငံသို့ ပျံသန်းနေသည့် ခရီးစဉ်သုံးခုဖြစ်သည့် ကိုမတ်စု၊ ကာဂိုရှီးမားနှင့် အာဆာဟိကာဝါ လေဆိပ်များသို့ ပျံသန်းမှုများကို စက်တင်ဘာလနှောင်းပိုင်းမှစ၍ တစ်လခန့် ရပ်ဆိုင်းသွားရန် ယင်းလေကြောင်းလိုင်းမှစီစဉ်နေသည်။
တောင်ကိုရီးယားနိုင်ငံ အင်ချွန်မှ ဂျပန်နိုင်ငံဖုကူအိုကာနှင့် ဘူဆန်မြို့မှ နာရီတာ လေဆိပ်အကြား ပျံသန်းပြေးဆွဲနေသည့် လေကြောင်းခရီး ငါးခုမှ ခရီးစဉ်အရေအတွက်များကို ယာယီလျှော့ချသွားမည်ဟု ကိုရီးယန်းအဲလေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောကြားသည်။
ဂျပန်နိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် ခရီးစဉ်များ လျှော့ချထားချိန်များတွင် အရှေ့တောင်အာရှ၊ သမုဒ္ဒရာ ကျွန်းစုဒေသများနှင့် တရုတ်နိုင်ငံသို့ ပျံသန်းနေသည့်ခရီးစဉ်များအား တိုးချဲ့သွားမည်ဟု ယင်းလေကြောင်း လိုင်းမှ တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-ဇော်ဝင်း