စိတ်ရောကိုယ်ပါ ကျန်းမာမှ ပြည့်စုံတဲ့ ကျန်းမာမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူတော်တော်များများ အာရုံစိုက်နေမိတာကရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမယ်ဆိုတာကို မေ့ထားလို့ မဖြစ်ပါဘူး။ စိတ်ကျန်းမာရေးကောင်းမှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒီတော့ စိတ်ကျန်းမာရေး ကောင်းစေဖို့ ဘာတွေဂရုစိုက်ဖို့ လိုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။


စိတ်ကျန်းမာရေး ကောင်းစေဖို့အတွက် မွေးမြူသင့်တဲ့ အလေ့အထလေးတွေက ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေဖို့ဆိုရင်


နေ့စဉ် အိပ်ချိန် ၈ နာရီထားရှိပေးပါ


တစ်နေ့တာလုံးမှာ နိုးနိုးကြားကြားရှိပြီး စိတ်ဖိစီးမှု ကင်းစေဖို့ဆိုရင် ညဘက်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီရှိနေစေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်။ ပြည့်ဝတဲ့အိပ်စက်ချိန်က မှတ်ဉာဏ် ကောင်းစေသလို အာရုံစူးစိုက်မှုကိုကောင်းစေပြီး စိတ်ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။


အာဟာရ ပြည့်ဝအောင် စားပေးပါ


အာဟာရပြည့်ဝအောင် စားသုံးမှုက ခန္ဓာကိုယ် ကျန်းမာဖို့အတွက်တင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အတွက်ပါ အများကြီး အထောက်အပံ့ ပေးနိုင်ပါတယ်။ အစားအစာတွေက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုတွေထဲမှာ omega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်၊တူနာငါးတို့ကို ထည့်သွင်းစားသုံးပေးသင့်သလို သစ်သီးတွေနဲ့ ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။


ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ


ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ရုပ်ပိုင်းဆိုင်ရာတင် ကျန်းမာစေတာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။


သူငယ်ချင်းတွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်ပါ


တစ်နေ့တာမှာ အနည်းဆုံး ၁၀ မိနစ်လောက် ချစ်ခင်ရသူမိတ်ဆွေ သူငယ်ချင်း တစ်ဦးဦးနဲ့ စကားစမြည်ပြောတာကလည်း စိတ်ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အလုပ်တွေများနေရင်တောင် ၁၀ မိနစ်လောက်တော့ ခင်မင်ရသူ တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောပေးဖို့ မမေ့ပါနဲ့။


ဝါသနာပါရာတစ်ခုခုကို အချိန်ပေးပါ


နေ့စဉ်တိုင်းရဲ့ အချိန်ဇယားထဲမှာ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လုပ်ဆောင်ဖို့အတွက်၊ ဝါသနာပါရာ ပညာရပ်အသစ်တွေကို သင်ယူနိုင်ဖို့အတွက် သီးသန့်အချိန် ဖယ်ထားပေးပါ။ ဒီလိုလုပ်ဆောင်ပေးမှုက ဦးနှောက်ကို အသစ်သစ်သောအရာတွေကို သင်ယူခွင့်ရစေသလို စိတ်အပန်းပြေစေပြီး စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။


အခြားသူတွေကို ကူညီပေးပါ


သူတစ်ပါးကိုကူညီပေးတာက စိတ်ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။ ဒီခံစားမှုက စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာကြောင့် တစ်နေ့တာ သွားလာလှုပ်ရှားမှုအတွင်း အကူအညီ လိုအပ်နေသူတွေကို တတ်နိုင်သမျှ ကူညီပေးတတ်တဲ့ အလေ့အထလေးကို မွေးမြူစေချင်ပါတယ်။


စိတ်ဖိစီးမှုကို ဖြေလျော့တတ်ပါစေ


လူတော်တော်များများ စိတ်ပိုင်းဆိုင်ရာ မကျန်းမာရတဲ့ အဓိကအကြောင်းအရင်းက စိတ်ဖိစီးမှုတွေကို တစ်ချိန်လုံးပိုက်ထားတာကြောင့်လည်းပါပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ မေတ္တာပို့တာ၊ သီးချင်းအော်ဆိုတာ၊ ဂိမ်းဆော့တာအပါအဝင် စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တဲ့ အလေ့အထလေးတစ်ခုကို မွေးမြူထားလို့ စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ။


အတွေးတွေကို အနားပေးတတ်ပါစေ


လူတစ်ယောက် တိုးတက်ဖို့ဆိုတာ အမြဲတွေးနေဖို့လိုတယ်ဆိုပေမယ့် တစ်ခါတလေမှာ အပျက်သဘောဆောင်တဲ့အတွေးတွေ၊ ယုံကြည်မှု ပျောက်ဆုံးစေတဲ့ အတွေးမျိုးတွေကိုတော့ အဆက်မပြတ်တွေးနေရင် ဆိုးကျိုးဖြစ်လာဖို့ကများမှာပါ။ ဒါကြောင့် တွေးတောမှုတွေကို လိုအပ်လာရင် အနားပေးတတ်စေဖို့လည်း သတိရပါ။


ရယ်မောပါ


ရယ်မောခြင်းက စိတ်ကျန်းမာရေးအတွက် ဆေးဝါးတစ်ခုပါ။ ဒါကြောင့် တစ်နေ့တာမှာ စိတ်ညစ်စရာတွေရှိနေရင်တောင် ဟာသလေးတွေရင်ဖြစ်ဖြစ် စိတ်ပျော်စေမယ့် အပြုအမူလေးတွေတွေ့ရင်ဖြစ်ဖြစ် စိတ်ပျော်ရွှင်စေမယ့် အခိုက်အတန့်လေးနဲ့ ကြုံကြိုက်တဲ့အခါ ရယ်မောဖို့ မမေ့ပါနဲ့။


ဆေးလိပ်နဲ့အရက်ဖြတ်ပါ


စိတ်ညစ်တဲ့အခါ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ် လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီဖြေရှင်းနည်းက ယာယီအခိုက်အတန့်အတွက်ပဲ အသုံးဝင်တာပါ။ ရေရှည်မှာက စိတ်ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာချင်ရင် အရက်နဲ့ဆေးလိပ်ကို ဖြတ်ပါ။


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”