ဖာပွန်  ၂၁  ဩဂုတ်


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသခြင်းနှင့် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ဖာပွန်မြို့နယ် အမှတ်(၄)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။


ဟောပြောပွဲတွင် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာမ ဒေါ်ညွန့်လေးလေးငယ်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်သက်ဦးက လူသားတိုင်း၏ တာဝန်ကြီးတစ်ရပ် ဖြစ်လာသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ် အကြောင်း သိကောင်းစရာများနှင့် စာဖတ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးပြုံးက တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျော်ဝဏ္ဏ(ဖာပွန်)