ပန်းတောင်း ၂၁ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ ဒီးဒုတ်ချောင်းကူးတံတား တည်ဆောက်မှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

“ ဒီတံတားက ဧရာဝတီမြစ်ဝတံတား ဖြစ်တယ်၊ တံတားအဟောင်းဘေးမှာ တည်ဆောက်ရတာမို့ ရေလယ်တိုင် စိုက်ထူခြင်းမပြုတော့ဘဲ ကမ်းနှစ်ဖက်ကို အမာခံယူပြီး ကုန်းတံတား တည်ဆောက်မှာပါ၊ အဲဒီအခုံးပေါ်မှာ တိုင်စိုက်ပြီး ကွန်ကရစ်ကြမ်းခင်း တည်ဆောက်သွားမှာပါ၊ အခုတော့ ကြမ်းခင်းနိုင်တဲ့ အဆင့် ရောက်နေပါပြီ၊ တံတားဟောင်းကိုလည်း မဖျက်သေးဘဲ နှစ်လမ်းသွား တည်ဆောက်သွားမှာပါ” ဟု ဆောက်လုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ တံတားမှာ အလျား (၁၂၄)ပေ၊ ယာဉ်သွားလမ်း အကျယ် (၂၄)ပေရှိကာ ယခင် တံတားဟောင်း အနီးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး အဝေးပြေးခရီးတင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် ခရီးသွား ပြည်သူများ ဖြတ်သန်းသွားလာလျက်ရှိသော ဆက်သွယ်ရေး ချောင်းကူးတံတားကြီး ဖြစ်သည်။

 

ယင်းတံတားကြီးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၇၆ ဒသမ ၃၉ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူ၍ K&F ConstructionCo.Led မှ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပန်းတောင်း)