ရမည်းသင်း ၂၁ သြဂုတ်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကြီးမှူးကျင်းပသည့် ဒေသအလိုက် ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက် - ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲကို သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန် က ပိုလီယိုရောဂါ ကင်းစင်ရေး ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်းတွင် ရပ်ကွက် ၊ ကျေးရွာ အုပ်စုများ အတွင်းမှ ပြည်သူများ သိရှိနားလည် သဘောပေါက်စေရေးနှင့် အသွင်ပြောင်းပိုလီယို ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ မွေးကင်းစမှ ငါးနှစ်အရွယ် ကလေးများ တစ်ဦးမကျန် တိုက်ကျွေးနိုင်ရေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက အသိပညာပေး နိုးဆော်ကာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် အဖွဲ့ခေါင်းဆောင် ဒေါက်တာငြိမ်းငြိမ်းချစ် မှ ပိုလီယိုရောဂါကူးစက်မှု မရှိစေရေး မြို့နယ်အတွင်း အသွင်းကူးပြောင်း ပိုလီယို ပိုးကူစက်မှုကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး အပိုဆောင်းဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ပိုလီယို အရာရှိ ဒေါက်တာ ကျော့ကျော့ခင် မှ မွေးကင်းစ မှ ငါးနှစ်အရွယ်ကလေးငယ်တိုင်း အပိုဆောင်း ပိုလီယိုကာကွယ်ဆေး(၂)ကြိမ် မပျက်မကွက်တိုက်ကျွေးရန် နှင့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များအား ပိုလီယိုရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်ပြီး ရာသက်ပန် မသန်စွမ်းဖြစ်ခြင်းမှ ကင်းဝေးရေးကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော်မှ မြို့နယ်အတွင်း အပိုဆောင်း ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို သြဂုတ် ၂၆ ရက် မှ ၂၈ ရက်ထိပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်ထိ(၂)ကြိမ်တိုက်ကျွေးရန် နှင့် အပိုဆောင်း ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းစီမံချက် ကိုရှင်းလင်း
ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက ပိုလီယို ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်း နှင့်ပတ်သတ်၍ သိရှိလိုသည်များကို မေးမြန်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)