မြစ်ကြီးနား ၂၁ သြဂုတ်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ တောင်သူများအား လယ်မြေဧက ကိုးထောင်ကျော် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ကချင်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသိန်းလွင်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် လုပ်ဆောင်ချက်များ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) လျှောက်ထားနိုင်သူများ လိုက်နာရမည့် စည်းကမ်းများ၊ လျှောက်ထားရမည့် နည်းလမ်းများနှင့် အခွင့်အရေးများ၊ အမွေဆက်ခံပိုင်ခွင့်ရရှိသူများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)အုပ်စုမှ တောင်သူ(၅၅၄)ဦးအတွက် ဦးပိုင်(၆၆၈)ခုရှိ (၆၁၄၀)ဧက၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)အုပ်စုမှ တောင်သူ (၄၃၄)ဦးအတွက် ဦးပိုင်(၄၇၉)ခုရှိ (၃၂၈၈)ဧကနှင့် တနိုင်းမြို့နယ် အတွင်းရှိ ကျေးရွာ(၈)အုပ်စုမှ တောင်သူ(၉၁)ဦးအတွက် ဦးပိုင်(၉၂)ခုရှိ ဧက (၄၈၀) စုစုပေါင်း လယ်ယာမြေ ဧက ၉၉၀၈ ဧကကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


