စေတုတ္တရာ ၂၁ ဩဂုတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် မှုခင်းနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ကာ စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဩဂုတ် ၂၁ ရက်၊ ယနေ့ နံနက် ၉ နာရီက စေတုတ္တရာမြို့ ၊ အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရ သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ စေတုတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ ၊ စုစုပေါင်း ၂၃၄ ဦးခန့် စိတ်ဝင်တစ်စား တက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရေး သက်ငယ်မုဒိမ်းမှုများ မဖြစ်အောင် အုပ်ထိန်းသူမိဘများ ကြိုတင်ကာကွယ် ရမည့်အချက်များ၊ သက်ငယ်မုဒိမ်းမှုဖြစ်ပွားရခြင်းအကြောင်းနှင့် အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှု အန္တရာယ်နှင့် လူမှောင်ခိုများ၏ အကျင့်စရိုက်များ၊ လူကုန်ကူးမှု အန္တရာယ် ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် အရေးယူခံရမည့် ဥပဒေ၊ နည်းဥဒေများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ပညာပေးဟောပြောမှုအပေါ် မှုခင်းအမျိုးအစား အလိုက် အရေးယူနိုင်သည့် ဥပဒေများနှင့် ကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးမေးမြန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူး က ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး မှုခင်းများနှင့် ပတ်သက်ပြီး ထူးခြားမှုများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ကြရန် ဆွေးနွေးမှာကြားသည်။
၎င်းနောက် တပ်ဖွဲ့ဝင်များက သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှု အန္တရာယ်ဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


