တနင်္သာရီ ၂၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သြဂုတ် ၇ ရက်မှ ၁၃ ရက်နေ့အထိ တနင်္သာရီမြို့၏အန္တရာယ် ရေအမှတ်ထက် ကျော်လွန်းပြီး(၂၆ပေ၆လက်မ)သို့ မြစ်ရေအမြင့်ဆုံး တက်ရောက်ခဲ့၍ သြဂုတ်လ ၉ ရက်နေ့မှ ၁၃ ရက်အတွင်း အခြေခံပညာကျောင်း(၄၄)ကျောင်းကို ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
ယနေ့ သြဂုတ် ၂၁ ရက်နေ့ နံနက် ၆ နာရီအချိန် မြစ်ရေတိုင်းတာချက်အရ တနင်္သာရီမြစ်ရေသည် (၁ဝ)ပေအထိ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ကျောင်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့မှာ မြစ်ရေတင်ကျန်နေခြင်း မရှိတော့သဖြင့် ဖွင့်လှစ်ရန် ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်း(၃)ကျောင်းကို သြဂုတ်၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ သြဂုတ်လ(၁၈)ရက်နေ့ကလည်း ကျောင်း(၄၁)ကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သို့ဖြစ်၍ ယာယီပိတ်ထားခဲ့ရသည့် ကျောင်း(၄၄)ကျောင်းစလုံးကို ပြန်လည်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခင်နှစ်(၂ဝ၁၈)မြစ်ရေကြီးစဉ်ကမူ ကျောင်း(၄ဝ)ကျောင်းကို ယာယီပိတ်ခဲ့ရကြောင်းနှင့် အဆိုပါယာယီ ပိတ်ထားရသော ကျောင်းများ၏ ပိတ်ရက်များအား စနေ/ တနင်္ဂနွေနှင့် အဖိတ်/ဥပုသ် ကျောင်းပိတ်ရက်များ၌ အစားထိုး သင်ကြားပေးရန် စီစဉ်ထားရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယု ထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


