နေပြည်တော် ၂၁ ဩဂုတ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ လှလှကြည်က အမှာစကား ပြောကြားပြီး ကျေးရွာအတွင်းရှိ စေတနာ့ဝန်ထမ်း အမျိုးသမီးများအား အဟာရဖွံ့ဖြိုးရေးအတွက် လူသားတိုင်း ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စု၊ အင်အားဖြစ်သောအစာအုပ်စုနှင့် ရောဂါကာကွယ်စေသောအစာအုပ်စု စသည့်အစာအုပ်စု (၃)စုအား စုံလင်စွာစားသောက်ပေးကြရန်နှင့် မွေးကင်းစမှခြောက်လအထိ ကလေးငယ်များအား မိခင်နို့တိုက်ကျွေးပေးရန်၊ နို့တိုက်ကျွေးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံတွင် ငါးနှစ်အောက်ကလေးများ အများဆုံးသေဆုံးမှု ဖြစ်ပွားရသည်မှာ အဟာရချို့တဲမှုကြောင့်ဖြစ်ခြင်း၊ အဟာရပြည့်ဝစေရန်အတွက် ကလေးငယ်များအား ကိုယ်ဝန်ဆောင်ချိန်မှစ၍ (၂)နှစ်သားအထိ အဟာရပြည့်ဝအောင်ကျွေးမွေးရန်နှင့် နေထိုင်ရန် နည်းလမ်းများ၊ အဟာရချို့တဲ့ပါက ဖြစ်ပွားတက်သည့် ကျန်းမာရေးအခြေအနေများ၊ သန်ချဆေး တိုက်ကျွေးရခြင်း၊ သန်ကောင်ကူးဆက်ပုံနည်းလမ်းများနှင့် သန်ချဆေးတိုက်ကျွေးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများအကြောင်းကို ဒေါက်တာ ဇာဇာဝင်းနှင့် ဒေါက်တာ နှင်းဒါလီဝင်းတို့က ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အမျိုးသမီးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ သက်သက်ဇင်မှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားနှင့် ပတ်သက်၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး ကျန်းမာရေး ဗဟုသုတ အမေးအဖြေများ မေးမြန်းဖြေကြားခြင်းနှင့် ထူးချွန်စွာဖြေဆိုနိုင်သူများအား ဆုများပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အမျိုးသမီးများအား ဆေးဝါးများ၊ အဟာရဖြည့် ဆန်နှင့်အစားအစာများအား ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ သက်သက်ဇင်၊ ဒုတိယဥက္ကဌ များဖြစ်ကြသည့် ဒေါ်တင်တင်လက်၊ ဒေါ်ခင်မေစိုးနှင့် အတွင်းရေးမှူး ဒေါက်တာလှလှကြည်၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်နွေမိုးအေး၊ ဥတ္တရခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ယဉ်ယဉ်အေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကြူကြူနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် စေတနာဝန်ထမ်း အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)


