ချောင်းဦး ၂၁ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် သြဂုတ် ၂၁ ရက် နံနက် ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်မှုကြောင့် မုံရွာ-မန္တလေးကားလမ်း ပြည်သူ့ဆေးရုံရှေ့မှ အေးရိပ်မွန်(၂) မိဘမဲ့မိန်းကလေး ကျောင်းလမ်းခွဲအထိ ရေကျော်ခဲ့ပြီး ဘူတာ၊ ရွာထောင်၊ ဆံတော်ဆွဲနှင့် အရှေ့မအုပ်ရပ်ကွက်တို့မှ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများနှင့် ဘုန်းကြီးကျောင်းများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်မှုသည် ချောင်းဦးမြို့တွင် နှစ်ပေါင်း ၃၀ အတွင်း ပြန်လည်ဖြစ်ပွားခြင်းဖြစ်ပြီး ရေဘေးသင့် ပြည်သူများအတွက် ချောင်းဦးမြို့ပေါ်မှ လူမှုကူညီရေး ပရဟိတအဖွဲ့များမှ ထမင်းထုပ်များ ဝေငှပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာ၊ မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ ကျွဲကျချောင်းရေကျော်တွင် ရေကျော်နေ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ခေတ္တရပ်နားထားခဲ့ရပြီး နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရေကျသွား၍ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။
ယုယုဝင်း (ပြန်/ဆက်)


