နေပြည်တော် ၂၁ သြဂုတ်
တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ယခုနှစ်ဇွန်လတွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေအရ တရားလွှတ်တော်ရှေ့နေများကောင်စီကို တရားလွှတ်တော်ရှေ့နေများက သတ်မှတ်ချက်နှင့်အညီ ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေလုပ်သက် ၁၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး အပါအဝင် အဖွဲ့ဝင် ၁၅ ဉီးဖြင့် ပြင်ဆင်ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီတွင် ပါဝင်မည့် တရားလွှတ်တော်ရှေ့နေ ၁၁ ဦးကို ရွေးကောက်တင်မြှောက်နိုင်ရန် ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်းသည့်နည်းဥပဒေများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေမူကြမ်းအပေါ် တရားလွှတ်တော် ရှေ့နေများကောင်စီ၏ အကြံပြုချက်များ ရရှိနိုင်ရေးအတွက် ပေးပို့လာပါကြောင်း၊ မိမိတို့ လုပ်ငန်းအဖွဲ့မှလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူကြမ်းအပေါ်ရန်ကုန်နှင့် မန္တလေးတို့မှ ကောင်စီဝင်များ၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်/ ဖြည့်စွက် အကြံပြုချက်များ ဆောင်ရွက်ခဲ့ပါကြောင်း။
ယခုအစည်းအဝေးတွင် အဆိုပါနည်းဥပဒေမူကြမ်းအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် ဖြစ်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီသည် တရားလွှတ်တော်ရှေ့နေများ၏ ဝင်ခွင့်လျှောက်ထားမှုများကို စိစစ်ထောက်ခံခြင်းနှင့် တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာ၊ တာဝန်၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီမှ လွှဲပြောင်းပေးပို့သော ရှေ့နေများအပေါ် တိုင်ကြားစာ ၃ စောင်နှင့် တရားလွှတ်တော်ရှေ့နေများကောင်စီသို့ တင်ပြလာသည့် တိုင်ကြားစာများကို စိစစ်၍ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ တင်ပြခဲ့ပါကြောင်း၊ ထို့ပြင် တရားလွှတ်တော်ရှေ့နေ မှတ်ပုံတင်ကတ်ပြားများကို Smart Card ဖြင့် စတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


