နေပြည်တော် ၂၁ ဩဂုတ် 

 

(၁၂)ကြိမ်မြောက် ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလဝက် ပြန်လည်သုံးသပ်မှုလုပ်ငန်း (NESP Mid-Term Review - MTR) များ ဆောင်ရွက်နိုင်ရန် MTR Reference Group ကို ဖွဲ့စည်းခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲများကျင်းပရာ အစီရင်ခံစာပြုစုလျက်ရှိပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့် MTR လုပ်ငန်းအောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ပုဂ္ဂလိကကဏ္ဍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရန်အတွက် ကျောင်းများနှင့် စက်ရုံ၊ အလုပ်ရုံများ ပူးပေါင်းဆောင်ရွက်မှု (Schools and Industry Partnership - SIP)ကို ဆောင်ရွက်လျက်ရှိပါကြောင်း။


ပညာရေးကဏ္ဍတွင် သတင်းအချက်အလက်ဆက်သွယ်မှု လျင်မြန်မှန်ကန် တိကျစွာရရှိနိုင်ရန်အတွက် Communication for Management C4M App ကို မြို့နယ်များတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းများကို အားပေးလျက်ရှိပါကြောင်း၊ ဆရာအတတ်ပညာအရည်အသွေး မြင့်မားစေရန်အတွက် (၂)နှစ်သင် ပညာရေး ကောလိပ်များကို (၄)နှစ်သင် ဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်သင်ကြားမှုကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းနှင့် စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ရာ ဖွံဖြိုးမှုမိတ်ဖက်များက ဆွေးနွေးအကြံပြုပေးရန် ဖိတ်ခေါ်ပါကြောင်း ။


လုပ်ဆောင်လျက်ရှိသည့် ပညာရေးကဏ္ဍမှ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် နောက်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးအဖြေရှာ ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် သြစတြေးလျသံရုံး အတွင်းဝန် Mr. Tim Vistarini က မိတ်ဆက်စကားပြောကြားသည်။


ယင်းနောက် ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ကဏ္ဍခွဲလုပ်ငန်းအဖွဲ့ (၇)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။


အစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်