ဇီးကုန်း ၂၁ ဩဂုတ်
ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ မြေယာကိစ္စရပ်များ ကော်မတီတို့ပူးပေါင်း၍ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဥပဒဒေ(မူကြမ်း)အား ပြည်သူထံချပြခြင်းနှင့် အကြံပြုချက်ရယူခြင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ညောင်ဇင်ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် (ပန်းတောင်း-မဲဆန္ဒနယ်)က အဖွင့်အမှာစကားပြောကြားပြီး အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဥပဒေ(မူကြမ်း)အား ပြည်သူထံချပြခြင်းနှင့် အကြံပြုချက်ရယူခြင်း၏ လုပ်ငန်းရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင် (ပေါင်းတည် - မဲဆန္ဒနယ်)နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးကျော်မင်းတို့က အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း (မူကြမ်း) အခန်း(၁၂)ခန်းမှ ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများထူထောင်ခွင့်ပြုခြင်း၊ မှတ်ပုံတင်ခြင်းနှင့် အာမခံကြေးပေးသွင်းခြင်းဆိုင်ရာ စည်းကမ်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ စာချုပ်များချုပ်ဆိုခြင်း၊ စောင့်ကြည့်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်း၊ အယူခံခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်မျိုးမင်းက အုပ်စုဖွဲ့ဆွေးနွေးမှုပုံစံအား ရှင်းလင်း၍ ဆွေးနွေးပွဲတက်ရောက်လာသူများအား တောင်သူ၊ ရပ်/ကျေး လယ်စီအဖွဲ့(ဖွဲ့-၁)၊ လုပ်ငန်းရှင်များအဖွဲ့(ဖွဲ့-၂)၊ ဌာနဆိုင်ရာ- လယ်စီကော်မတီ(ဖွဲ့-၃)၊ CSO- ဆန်ကုန်သည် ကြီးများအသင်း-သီးနှံအသင်း(ဖွဲ့-၄)၊ တရားရေး-ဥပဒေအထောက်အကူပြုအဖွဲ့ (ဖွဲ့-၅) စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့ငါးဖွဲ့ခွဲ၍ အဆိုပါဥပဒေမူကြမ်းအား လေ့လာဖတ်ရှုပြီး အဖွဲ့လိုက် ဖြည့်စွက်သင့်သည့်အချက်များ၊ ပယ်ဖျက်သင့်သည့်အချက်များ၊ အတွေ့အကြုံများ၊ အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် အကြံပြုဆွေးနွေးတင်ပြချက်များကို အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မျိုးထိုက်မှ အနှစ်ချုပ်ပြန်လည် ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဥပဒေအရာရှိ ဦးဉာဏ်လင်းအောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ရပ်/ကျေး လယ်စီအဖွဲ့များ၊ ဆန်စပါးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)


