နေပြည်တော် ၂၁ ဩဂုတ်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1.1

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည် ဟူသည့် စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းတွင် ပါဝင်သော ကာလသုံးပါးဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလတို့တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းစဉ် (၂၀) ရှိပါကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူများသိရှိရန်မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများ၏ မူဝါဒ၊ ရည်ရွယ်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြစ်ပါကြောင်း၊ ယင်းအချက်များကို မဲဆန္ဒရှင်ပြည်သူများသိရှိစေရန် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရွေးကောက်ပွဲအသိပညာပေး လုပ်ငန်းများဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးခြင်း (Civic Education) နှင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း (Voter Education) များ ဆောင်ရွက်ရာတွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ပေးရန် ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် လုပ်ငန်းများ ပိုမိုချောမွေ့ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မြို့နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများတွင် Community Centre အဖြစ် အသုံးပြုရန် ဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပချိန်တွင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါကြောင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းများအပေါ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများက တင်ပြသည့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်