ရန်ကုန် ၂၁ သြဂုတ်
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းနှင့် မိသားစုများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား ဒေါက်တာမိစန္ဒာမွန်က အမှာစကားပြေကြာခဲ့ပြီး မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က အသင်းဖြစ်ပေါ်လာရသောအကြောင်းရင်း၊ ဖြစ်ပေါ်လာပုံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အတွင်းရေးမှူးဒေါက်တာမြသီတာက အခြေခံမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာသဇင်ညွန့်တိုက သားဆက်ခြားနည်းလမ်းအမျိုးမျိုး၏ အကျိုးအကြောင်းကိုရှင်းပြပြီး အဆင်မပြေသေးသောအချိန်တွင် မလိုချင်သောသားသမီးများ မရအောင် မိမိတို့ စိတ်တိုင်းကျရွေးချယ်သုံးစွဲခြင်းဖြင့် သာယာလှပသော မိသားစုဘဝ၊ လူမှုဘဝများ ထူထောင်နိုင်ပြီး တစ်ကိုယ်ရည်မိခင်ဘဝ၊ ရင်ခွင်မဲ့ကလေးဘဝများ မရောက်ရအောင် ရှင်းလင်းဟောပြောသည်။
ယင်းနောက် တက်ရောက်လာသူများက မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပြီး ဒေါက်တာမိစန္ဒာမွန်က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


