နေပြည်တော် ၂၁ သြဂုတ်
မြန်မာနိုင်ငံ တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများ ပူးပေါင်းကွင်းဆင်းဆန်းစစ်မှု တွေ့ရှိချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) မှ WHO Global Task Force on TB Impact Measurement ၏ ဥက္ကဋ္ဌ Dr. Jaap Broekmans နှင့် ကွင်းဆင်းအဖွဲ့ဝင်များက ရှင်းလင်းတင်ပြသည့်အစည်းအဝေး (Joint programme review mission for Tuberculosis (2019) high level meeting) ကို ယနေ့နံနက်တွင် Hilton Hotel နေပြည်တော်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဌာနနှင့် အဖွဲ့အစည်းစုံမှ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း အတွေ့အကြုံမြင့်မားသည့် ပညာရှင်ကြီးများပါဝင်သည့် ပူးပေါင်းကွင်းဆင်းဆန်းစစ်မှုအဖွဲ့၏ ရှုထောင့်စုံ၊ ဘက်ပေါင်းစုံမှ ဆန်းစစ်တွေ့ရှိချက်များနှင့် အကြံပြုချက်များသည် မြန်မာနိုင်ငံ၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
ယခင်ပူးပေါင်းကွင်းဆင်းဆန်းစစ်မှု (၅)ကြိမ်ဆောင်ရွက်ခဲ့ရာတွင် တွေ့ရှိချက်များနှင့် အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်လည်သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ခုခံကျရောဂါဖြစ်ပွားနေပြီး ART ဆေးဝါး သောက်သုံးနေရသူများတွင် တီဘီရောဂါကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးသောက်သုံးခြင်း (chemoprophylaxis) လွှမ်းခြုံမှုရာခိုင်နှုန်း တိုးမြှင့်စေရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုသည် (၂၀၁၇-၂၀၁၈) ခုနှစ်တွင် (၂၀ဝ၉-၂၀၁၀) ခုနှစ်များထက် ထက်ဝက်ခန့်ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း။
ဝန်ကြီးဌာန၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် အောင်မြင်မှုအတိုင်းအတာ တစ်ခုအထိ ရရှိနေပြီဖြစ်သော်လည်း တီဘီရောဂါဖြစ်ပွားမှုများသည် မြန်မာနိုင်ငံ၌ပြည်သူ့ ကျန်းမာရေးပြဿနာ (public health problem) တစ်ရပ်အဖြစ်ရှိနေပြီး ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ (၃၀) တွင် ဆက်လက်ပါဝင်နေသေးပါကြောင်း၊ အဆိုပါတီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများ စာရင်း၌ မပါဝင်စေရန်ပိုမို၍ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွား သူရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုကွင်းဆင်းဆန်းစစ်မှုမှ အဓိကတွေ့ရှိချက်များကို အခြေခံ၍ လုပ်ငန်းစဉ်များ ဖော်ထုတ်သတ်မှတ် ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးတစ်ရပ်ကို မကြာမီ ကျင်းပလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တီဘီရောဂါအတွက်သာမက အခြားကူးစက်ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေး ကိစ္စရပ်များကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) မှ WHO Global Task Force on TB Impact Measurement ၏ ဥက္ကဋ္ဌ Dr. Jaap Broekmans က တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများအား ပူးပေါင်းကွင်းဆင်းဆန်းစစ်မှုကို နိုင်ငံတကာမှ ပညာရှင် (၁၆) ဦးနှင့် ပြည်တွင်းမှ ပညာရှင် (၂၁) ဦးတို့က (၂၀၁၉) ခုနှစ်၊ သြဂုတ် (၁၁) ရက်မှ (၂၁) ရက်အထိ အဖွဲ့ (၅) ဖွဲ့ခွဲကာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် ထိုသို့ ကွင်းဆင်းဆန်းစစ်ရာတွင် တွေ့ရှိချက်နှင့် အကြံပြုချက်များကို တင်ပြသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) မှ Global TB Programme ၏ Coordinator, Ms. Diana Weil နှင့် Stop TB partnership အဖွဲ့မှ Deputy Executive Director, Dr. Suvanand Sahu တို့က ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်းများနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်


