နေပြည်တော် ၂၁ ဩဂုတ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၃ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က တင်ပြဆွေးနွေးသည်။ ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်က တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မူဝါဒများချမှတ်၍ ရေရှည်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေး၊ တိုင်းရင်းသားဒေသထုတ်ကုန်များ အဆင့်မီစေရေး အပါအဝင် ၂၀၂၀ ခုနှစ်တွင် တိုင်းရင်းသား လူမျိုးများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော် ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းရုံး ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာရရှိရေး၊ တိုင်းရင်းသားအများပိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးတွင် တိုင်းရင်းသား လူမျိုးစုများ ပါဝင်နိုင်ရေး ကိစ္စရပ်များကို တင်ပြဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ၂၀၂၀ ခုနှစ်တွင် တိုင်းရင်းသား လူမျိုးများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို နိုင်ငံတော်အဆင့် ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက စီမံချက်ရေးဆွဲတင်ပြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များတွင် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဒေသအလိုက် အငယ်စား၊ အသေးစား၊ အလတ်စား ဒေသထွက်ကုန်များကို စုစည်းပြီး ပြည်ပအပို့ကုန်အဖြစ်သို့ ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်


