နေပြည်တော် ၂၁ သြဂုတ်
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဦးစီး၍ မြန်မာ့သမိုင်းဖြစ်စဉ်ကို ယခင်သမိုင်းပညာရှင်များ၏ အမြင် (Old View)နှင့် ယနေ့သမိုင်းပညာရှင်များ၏ သမိုင်းအမြင်နှင့် သမိုင်းအသိများ (New Version) များကို ခေတ်နှင့်အညီ နှိုင်းယှဉ်လေ့လာဆန်းစစ်၍ သုံးသပ်တင်ပြမှုများ ပြုလုပ်ရန် Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary International Symposium ခေါင်းစဉ်ဖြင့် နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲကို စက်တင်ဘာလအတွင်း အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုတေသနစာတမ်းဖတ်ပွဲကို အယူအဆသစ်များ၊ အတွေးအမြင်သစ်များ ပေါ်ထွက်လာစေခြင်းဖြင့် အနာဂတ်မြန်မာလူမှု အဖွဲ့အစည်းအကျိုးကို အထောက်အကူပြုနိုင်စေရန်၊ Old View ကို မပယ်ဘဲ အသိသစ်၊ အမြင်သစ်များ (New Version) ဖော်ထုတ်၍ အယူအဆသစ်များ၊ အတွေးအမြင်သစ်များ ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေရန်၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ်လာရေးတွင် ပိုမိုကောင်းမွန် ဆန်းသစ်သော အသိသစ်၊ အမြင်သစ်များ ဖြည့်စွက်နိုင်စေရန်နှင့် နိုင်ငံတကာ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အတွေ့အကြုံ၊ အသိအမြင်၊ ဗဟုသုတများ ဖလှယ်ခြင်းဖြင့် ပိုမိုကျယ်ဝန်းသော ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပသွားမည့် အဆိုပါစာတမ်း ဖတ်ပွဲတွင် ပြည်တွင်း/ပြည်ပ သုတေသနပညာရှင်များက သုတေသနစာတမ်းများ ဖတ်ကြားသွားမည်ဖြစ်ကာ စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
မောင်မောင်မျိုး


